
အာဏာသိမ်းစစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ကြိုတင်မဲသွားပေးမှာ မဟုတ်ဘူးလို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
အဲဒီရွေးကောက်ပွဲကို အသိအမှတ်မပြုတာကြောင့် မဲပေးဖို့ဆန္ဒမရှိသလို စစ်ကော်မရှင်ရဲ့ သံရုံးတွေနဲ့ ပူးပေါင်းမှုတစုံတရာလုပ်သွားမှာမဟုတ်ဘူးလို့ သူတို့က ဆိုပါတယ်။
ဒူဘိုင်းရောက်မြန်မာနိုင်ငံသားတယောက်က “အရင်ရွေးကောက်ပွဲမှာတော့ မဲမပေးရမှာ စိုးလို့တောင် ကြိုတင်ပြင်ဆင်တာတွေလုပ်ကြတယ်။ တက်တက်ကြွကြွနဲ့ရှိကြတယ်။ အခု စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ဘာပူးပေါင်းတာမျိုးမှ လုပ်မှာမဟုတ်သလို မဲလည်းပေးမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်က ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲပေးဖို့ ပုံစံ ၁၅ ဖြည့်ခိုင်းတဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်မှာ လုပ်သွားမှာဖြစ်ပြီး ပြည်ပရောက်မြန်မာတွေကတော့ ပုံစံ ၁၅ ကို သြဂုတ် ၂၁ ရက်ကစပြီး အချက်အလက်ဖြည့်သွင်းကာ သက်ဆိုင်ရာနိုင်ငံသံရုံးတွေဆီ စက်တင်ဘာ ၈ ရက် နောက်ဆုံးထားပေးပို့ရမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတယောက်က “စစ်တပ်ထောက်ခံတဲ့ လူတစုလောက်ကလွဲရင် ဘယ်သူမှ ကြိုတင်မဲသွားပေးမှာမဟုတ်ဘူး။ အဲဒီ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အချင်းချင်းလည်း ပြောဆိုအသိပေးထားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာတော့ ပြည်ပရောက်မြန်မာတွေ တက်တက်ကြွကြွနဲ့ ကြိုတင်ဆန္ဒမဲပေးခဲ့ကြပြီး တချို့က မဲပေးဖို့အတွက် သံရုံးရှေ့မှာ ညအိပ်စောင့်တဲ့အထိ စိတ်ဝင်တစားရှိခဲ့ကြတယ်လို့ အဲဒီအချိန်က ကိုယ်တိုင်ပါဝင်ခဲ့သူတွေက ဆိုပါတယ်။
ဒါ့အပြင် မဲလာပေးတဲ့သူတွေကို မြန်မာနိုင်ငံသားအချင်းချင်း အစားသောက်တွေဝေမျှကျွေးတာ၊ လုပ်အားပေးအဖွဲ့တွေဖွဲ့ပြီး သံရုံးကိုပူးပေါင်းကူညီတာတွေလည်းရှိခဲ့ပါတယ်။
အခု စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲမှာတော့ အရင်အခြေအနေနဲ့ ဆန့်ကျင်အနေအထားကို မြင်တွေ့ရဖို့ပဲရှိတယ်လို့ စင်ကာပူရောက် မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။
ပြည်ပရောက်မြန်မာတွေ ကြိုတင်ဆန္ဒမဲပေးနိုင်အောင် ပုံစံ ၁၅ ဖြည့်ဖို့နှိုးဆော်ထားပေမဲ့ ကြိုတင်မဲပေးနိုင်မယ့်ရက်ကိုတော့ အသိပေးထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။