Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင်မည့် စစ်ကောင်စီခန့် အစိုးရအဖွဲ့ဝင်များ ပါတီစည်းရုံးရေးလုပ်ခွင့်ရှိဟု ထုတ်ပြန်
DVB
·
August 22, 2025

လက်ရှိ စစ်ကောင်စီခန့် အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ရွေးချယ်ခံရမယ့်သူဖြစ်ရင် ပါတီစည်းရုံးရေးလုပ်ငန်းတွေမှာ ဆောင်ရွက်ခွင့် ရှိတယ်လို့ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(က) အရ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တဦးဦး အနေနဲ့ တည်ဆဲ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ခ) အရလည်းကောင်း၊ ပုဒ်မ ၁၇၊ ပုဒ်မခွဲ(ဂ) အရ ဒုတိယဝန်ကြီးတဦးဦးအနေနဲ့ တည်ဆဲ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ(ဃ) အရလည်းကောင်း၊ အပိုင်းလိုက်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တရပ်ရပ်မှာ ပါဝင်ရွေးချယ်ခံမယ့်သူဖြစ်ပါက နိုင်ငံသားတဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(က) အရ ပေးအပ်ထားတဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေဖို့ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းတွေနဲ့ နယ်မြေစည်းရုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ အနေနဲ့လည်း သက်ဆိုင်ရာ တည်ဆဲဥပဒေတွေအရ အပိုင်းလိုက်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ တရပ်ရပ်မှာ ပါဝင်ရွေးချယ်ခံမယ့်သူ ဖြစ်ပါက ပါတီစည်းရုံးရေး လုပ်ငန်းတွေနဲ့ နယ်မြေစည်းရုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခွင့်ကိုတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အတည်ပြုပြီးမှ ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

ပြည်ပရောက် မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးဖို့ သက်ဆိုင်ရာသံရုံးတွေမှာ ပုံစံ(၁၅) ထုတ်ယူဖို့ကိုလည်း ကော်မရှင်က သြဂုတ် ၂၁ ရက်မှာ တဆက်တည်း ထုတ်ပြန်လိုက်ပါတယ်။

ပြည်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ ဆန္ဒမဲပေးနိုင်ဖို့အတွက် ပုံစံ(၁၅) တွေကို သက်ဆိုင်ရာသံရုံးတွေမှာ သြဂုတ် ၂၁ ရက်က စတင်ထုတ်ယူနိုင်ပြီး အချက်အလက် ဖြည့်သွင်းထားတဲ့ ပုံစံ(၁၅)တွေကို သြဂုတ် ၂၁ ရက်မှ စက်တင်ဘာ ၈ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာသံရုံးတွေကို ပေးပို့ရမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့  အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013