
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီ စုစုပေါင်း ၆၃ ပါတီ ရှိလာပြီဖြစ်တယ်လို့ စစ်ကောင်စီ ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သြဂုတ် ၂၀ ရက် နေ့စွဲနဲ့ နောက်ထပ် နိုင်ငံရေးပါတီ ၃ ခုကို မှတ်ပုံတင်ခွင့်ပြုလိုက်တာပါ။
အဆိုပါ ပါတီတွေကတော့ မျိုးဆက်သစ်ဝံသာနုပါတီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်ပါတယ်။
အဆိုပါ ပါတီ ၃ ခုကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီစုစုပေါင်း ၆၃ ပါတီအထိရှိလာတာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်ပြုထားသလို နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင် ဦးရေနဲ့ ပါတီရုံးခန်းတွေနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကိုလည်း ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၀ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
ပြည်ထောင်စုတဝန်းလုံး စည်းရုံးမယ့် ပါတီတွေဟာ အနည်းဆုံးပါတီဝင်ဦးရေ ၅၀,၀၀၀ နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အတွင်း စည်းရုံးမယ့် ပါတီတွေကတော့ ပါတီဝင်ဦးရေ ၁,၀၀၀ ကို ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက်မတိုင်ခင် ရက်ပေါင်း ၉၀ ကြိုတင်ပြီးစည်းရုံးရမှာ ဖြစ်ပါတယ်။
ပါတီရုံးခန်း ဖွင့်လှစ်ခြင်းနဲ့ပတ်သက်ပြီးလည်း ပြည်ထောင်စုတဝန်းလုံး စည်းရုံးမယ့်ပါတီဟာ မြို့နယ်အားလုံးရဲ့ အနည်းဆုံး သုံးပုံတပုံမှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာ ဖြစ်သလို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စည်းရုံးမယ့် ပါတီတွေကတော့ အနည်းဆုံး ၅ မြို့နယ်မှာ ပါတီရုံးခန်း ဖွင့်လှစ်ရမှာ ဖြစ်တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်နေပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲအပိုင်း ၁ ကို ကျင်းပမှာ ဖြစ်ပြီး အဆိုပါ အပိုင်း ၁ ကိုတော့ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပသွားမှာဖြစ်တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေက တရားမဝင်ကြောင်းနဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ် ကြောင်း ထုတ်ပြန်ပြောထားပါတယ်။