Home
မြန်မာသတင်း
အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကျော်လွှားရန် NUG တိုက်တွန်း 
DVB
·
August 21, 2025

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုတွေအားလုံး ဆန့်ကျင်ကျော်လွှားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က တိုက်တွန်းပါတယ်။

ဩဂုတ် ၂၀ ရက်ကလုပ်တဲ့ ပြည်သူလူထုနဲ့နိုင်ငံတကာသို့ သတင်းစကားပြောကြားတဲ့ အစီအစဉ်ကနေ ပြောခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပူးပေါင်းပါဝင်သူ၊ ထောက်ခံအားပေးသူတွေကိုလည်း ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

ဦးနေဘုန်းလတ်က “အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတခုကို ဟန်ပြပြုလုပ်ပြီး ၎င်းရဲ့ အာဏာတည်မြဲရေးနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေးတို့အတွက် ကြိုးပမ်းနေခြင်းဖြစ်တာကြောင့်  တော်လှန်ရေးအင်အားစုတွေ အားလုံးအနေနဲ့ စုစည်းညီညွတ်စွာနဲ့ ပြည်သူနဲ့အတူရပ်တည်ရင်း ဒီထောင်ချောက်ကို ဆန့်ကျင်ကျော်လွှားကြဖို့ တိုက်တွန်းရင်း အစီအစဉ်ကို အဆုံးသတ်လိုက်ရပါတယ်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းမှာ လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့လို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေ အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေက လက်မခံကြောင်း တရားဝင် ပြောဆိုထားကြတဲ့အပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာမိတ် တိုင်းရင်းသားတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ထပ်တူရပ်တည်တယ်လို့လည်း ပြောပါတယ်။

ပြီးတော့ “၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဟာ ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီးဖြစ်တာကြောင့် ဒီ အခြေခံဥပဒေအောက်ကနေ လုပ်ဆောင်နေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲအပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေသာ ဖြစ်တာကြောင့် ဒီလုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူ၊ ထောက်ခံအားပေးသူတွေအနေနဲ့ သတိချပ်ကြဖို့ သတိပေးလိုပါတယ်” လို့လည်း ပြောပါတယ်။

စစ်တပ်က ရွေးကောက်ပွဲကိုဟန်ပြလုပ်နိုင်ဖို့ပြင်ဆင်တဲ့အနေနဲ့  လူပုဂ္ဂိုလ်နဲ့ ဖွဲ့စည်းပုံတချို့ကို အပြောင်းအလဲ လုပ်ခဲ့ပြီး တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။

ဒီထဲမှာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ဟိုပန်မြို့ပါဝင်သလို၊  မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က စိုးမိုးထိန်းချုပ်ထားတဲ့ မြို့နယ်တချို့လည်း ပါဝင်တာကြောင့် ဒီလုပ်ရပ်တွေဟာ အပစ်အခတ်ရပ်စဲတယ်လို့ ဟန်ပြကြေညာထားတဲ့ တိုင်းရင်းသားအင်အားစုတွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေအားလုံးနဲ့ မြန်မာပြည်သူလူထုတရပ်လုံးကို စိန်ခေါ်လိုက်တာလို့ လည်း ဆိုပါတယ်။

အဲဒီနောက်မှာတော့ လေကြောင်းတိုက်ခိုက်တာတွေ၊ စစ်ရာဇဝတ်မှုတွေ၊ အရပ်သားပြည် သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ အဓမ္မစစ်သားစုဆောင်းတာတွေ၊ မတရားဖမ်းဆီး ထိန်းသိမ်းတာတွေ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေကို အရင်ကထက်ပိုဆတိုးပြီး လုပ်လာတာကို တွေ့ရတယ်ဆိုပါတယ်။

အချက်အလက်တွေအရ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက်ကနေ ၁၄ ရက်နေ့အထိ ၂ ပတ်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်တို့အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ အရပ်သားပြည်သူလူထုကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၅၁ ခု ရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်း ကလေးငယ်တွေအပါအဝင် ပြည်သူ ၈၆ ယောက် သေဆုံးပြီး ၁၆၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013