Home
မြန်မာသတင်း
ရန်ကုန်တွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများကို စစ်တပ်က စီမံခန့်ခွဲနေ
DVB
·
August 21, 2025

ရန်ကုန်မှာ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို အာဏာသိမ်း စစ်တပ်ကသာ စီမံခန့်ခွဲနေပြီး စစ်ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဆီ အစစအရာရာ တင်ပြနေရတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ရွေးကောက်ပွဲပြုလုပ်မယ့်နေ့ကို ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီးနောက် ရန်ကုန်မှာ တိုင်း၊ ခရိုင်နဲ့ မြို့နယ်အလိုက် သြဂုတ် ၁၉ ရက်က စတင်ကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ တွေဆုံပြီး လုပ်ငန်းပိုင်းတင်ပြရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ကော်မရှင်က ဘာလုပ်လုပ် စစ်တပ် မသိရင် မရဘူး။ တင်ပြရမယ်။ စစ်တပ်က မြို့နယ်အုပ်ချုပ်ရေးမှာ ပါနေတော့ မတင်ပြလို့မရဘူး။ ပါတီတွေ၊ ကော်မရှင်ရော တင်ပြရတာ။ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မရှိ။ အစအရာရာ စစ်တပ်ကို အသိပေးရတယ်။”

တိုင်းအဆင့်ဖြစ်ပါက ဗိုလ်မှူးချုပ် သို့မဟုတ် ဗိုလ်မှူးကြီးကို တင်ပြရပြီး ခရိုင်နဲ့ မြို့နယ် ဆိုပါက ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးအဆင့်ကို တင်ပြရတာလို့ တာမွေမြို့နယ်မှ ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“တာမွေမှာဆို  ကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးအောင်က ဗိုလ်မှူးဖြိုးပြည့်စုံကို တင်ပြရတယ်။ သင်္ဃန်းကျွန်းခရိုင် ဆိုရင် ဒုဗိုလ်မှူးကြီးသက်တင်အောင်။ တိုင်းဆိုရင် ဗိုလ်မှူးကြီးတင်ဝင်းနဲ့ ဒုတိုင်းမှူး၊ ကော်မရှင်ဥက္ကဋ္ဌတိုင်း တင်ပြရတာ စစ်တပ်က ကော်မရှင်ရော ဝန်ထမ်းတွေကိုရော ‘ရွေးကာ’ ဥပဒေနဲ့ ခြိမ်းခြောက်ထားတာ။”

‘ရွေးကာ’ ဥပဒေဆိုတာ ‘ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား  ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ’ကို ခေါ်တာဖြစ်ပြီး  ဒီဥပဒေကို ချိုးဖောက်ရင် ထောင်ဒဏ် ၃ နှစ်ကနေ သေဒဏ်အထိ အမိန့်ချမှတ်နိုင်တယ်လို့ စစ်ခေါင်းဆောင်က  ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ ခရိုင်နဲ့နီးစပ်တဲ့ မြို့နယ်တွေကို အပိုင်းလိုက် ပြုလုပ်ပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပြီး ရလဒ်တွေ ထုတ်ပြန်ပြီးမှ လွှတ်တော်ခေါ်လို့ရမယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013