
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံကို ပရမ်းပတာဖြစ်အောင်လုပ်ခဲ့ပြီး ၄ နှစ်အကြာမှာတော့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ဟာ သူကိုယ်တိုင်ပဲဦးဆောင်တဲ့ ကြားဖြတ်အစိုးရကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။
မင်းအောင်လှိုင်ရဲ့ ဇူလိုင် ၃၁ မှာ ကြေညာခဲ့တဲ့ ဒီအပေါ်ယံပြောင်းလဲမှုဟာ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုအတွက် ဘာမူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲကိုမှ ဖြစ်စေမှာမဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒီကြေညာချက်ဟာ မြန်မာ့အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဖမ်းဆီးထိန်းသိမ်းခဲ့စဉ်ကတည်းက ကျင်းပမယ်လို့ မင်းအောင်လှိုင် ကတိပေးလာခဲ့တဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ စတင်နေပြီဆိုတဲ့ အရိပ်အယောင်ကို ပြသလိုက်တာပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုတော့ လာမယ့် ဒီဇင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပါတယ်။ အဲ့ဒီအချက်တခုတည်းနဲ့တင် ဒီရွေးကောက်ပွဲတခုလုံးဟာ ဟန်ပြသက်သက်ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ NLD ပါတီဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့လို့ပါပဲ။ ဒီတခါမှာတော့ စစ်တပ်ရဲ့ ကိုယ်စားပြုပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကသာ အနိုင်ရဖို့ အလားအလာ များနေပါတယ်။
မြန်မာစစ်အုပ်စုရဲ့ အဓိကကျောထောက်နောက်ခံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဒီရွေးကောက်ပွဲကို အဓိကပုံဖော်သူလည်း ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group) ရဲ့ မကြာသေးမီက အစီရင်ခံစာတခုမှာ ဘေဂျင်းအစိုးရဟာ ဒီရွေးကောက်ပွဲကို စစ်အစိုးရ မပြိုလဲရေးအတွက် “အပြန်အလှန်အနေနဲ့” လုပ်ပေးရမယ့် ကိစ္စတခုအဖြစ် ရှုမြင်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးပြီးချင်းမှာပဲ တရုတ်ဟာ မြန်မာစစ်အုပ်စုနဲ့ သံတမန်ရေးအရ တော်တော်လေး ခပ်ခွာခွာနေခဲ့ပါတယ်။ ဒါပေမဲ့ တိုက်လေယာဉ်တွေ ရောင်းချတာ၊ ဗုံးထုတ်လုပ်ရေးမှာ ကူညီတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်တော်လှန်မှုတွေကို ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ တရုတ်နယ်စပ်ဒေသနဲ့ တရုတ်ရဲ့ အဓိကအခြေခံအဆောက်အအုံစီမံကိန်းတွေမှာ တည်ငြိမ်မှုကို မပေးနိုင်ခဲ့တာကြောင့် ဘေဂျင်းကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
ဒါပေမဲ့ မနှစ်ကစပြီး တရုတ်ဟာ စစ်အုပ်စုကို ကူညီပေးဖို့အတွက် အထူးတလည် ဝင်ရောက်စွက်ဖက်လာခဲ့ပါတယ်။ တရုတ်နယ်စပ်မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့၊ သိမ်းပိုက်ထားတဲ့ နယ်မြေတချို့ကို နေပြည်တော်က စစ်အုပ်စုလက်ထဲပြန်အပ်ဖို့ ဖိအားအကြီးအကျယ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီအဖွဲ့တွေကို ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေနဲ့ အဆက်အသွယ်ဖြတ်ဖို့လည်း ဖိအားပေးခဲ့ပါတယ်။ တရုတ်က ဒီမိုကရေစီအင်အားစုတွေကို အနောက်အုပ်စုနဲ့ အရမ်းနီးစပ်လွန်းတာကြောင့် မင်းအောင်လှိုင်ထက်တောင် ပိုပြီးပြဿနာများတယ်လို့ သတ်မှတ်ထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဘေဂျင်းက မြန်မာနိုင်ငံမှာ စစ်တပ်ကျောထောက်နောက်ခံပြုအုပ်ချုပ်ရေးက ဆက်ရှိနေဦးမယ်လို့ မြင်ထားပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်အတွက်တော့ အဲဒီလို ဆန္ဒမရှိဘူးလို့ ထင်ရပါတယ်။ ဒါကြောင့်ပဲ ရွေးကောက်ပွဲက အရေးပါလာတာပါ။
“ဘေဂျင်းက အမည်ခံအရပ်သားအစိုးရတရပ်နဲ့ ဆက်ဆံချင်တယ်၊ ဖြစ်နိုင်ရင်တော့ မင်းအောင်လှိုင်မဟုတ်တဲ့ တခြားတယောက်နဲ့ ဆက်ဆံချင်တယ်” လို့ Crisis Group အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်က မင်းအောင်လှိုင်ကို အရည်အချင်းမရှိဘူးလို့ ယုံကြည်ကြောင်းလည်း ထပ်မံဖော်ပြထားပါတယ်။
ရွေးကောက်ပွဲပြီးသွားရင် အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတတို့အကြား ခွဲဝေရမှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အဲဒီရာထူးနှစ်ခုလုံးကို မင်းအောင်လှိုင်က တပြိုင်နက်တည်း ရယူထားပါတယ်။ ဒါ့အပြင် လွှတ်တော်ထဲမှာ နိုင်ငံရေးသမားရာပေါင်းများစွာနဲ့ ပြန်အသက်၀င်လာမှာဖြစ်ပြီး စစ်တပ်ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌက ဦးဆောင်မှာဖြစ်ပါတယ်။
ဒါဆို ရွေးကောက်ပွဲတွေဟာ တခုခုကို တကယ်ပဲပြောင်းလဲပေးနိုင်မှာလား။ တချို့လေ့လာသုံးသပ်သူတွေနဲ့ သံတမန်တွေကတော့ ဒီရွေးကောက်ပွဲက မင်းအောင်လှိုင်ကို ဖယ်ရှားနိုင်မယ်၊ ဒါမှမဟုတ် ပိုပြီးလက်တွေ့ကျကျပြောရရင် ပြိုင်ဘက်အာဏာပိုင်အဖွဲ့တွေ ပေါ်ထွက်လာဖို့ နေရာပေးခြင်းအားဖြင့် သူ့ရဲ့သြဇာကို ကန့်သတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ တချို့ကတော့ ဒါကို ဖြစ်နိုင်ခြေမရှိတဲ့ စိတ်ကူးယဥ်မှုတခုအဖြစ် ရှုမြင်ကြပါတယ်။
အကောင်းမြင်သူတွေက မင်းအောင်လှိုင်ဟာ စစ်တပ်ကိုထောက်ခံတဲ့ အသိုက်အဝန်းထဲမှာတောင် လူကြိုက်နည်းနေတယ်ဆိုတဲ့ အချက်ကို ထောက်ပြကြပါတယ်။ သူ့လက်ထက်မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ရာမှာ အရှုံးကြီးရှုံးနိမ့်ခဲ့တာကြောင့် စစ်အရာရှိကြီးတွေနဲ့ ထင်ရှားတဲ့ အမျိုးသားရေးသမားတွေဆီက မကြုံစဖူးဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ မင်းအောင်လှိုင်အပေါ် အတော်လေး မကျေမနပ်ဖြစ်နေတယ်လို့ လေ့လာသူတွေက ယုံကြည်ကြပါတယ်။ ဒါဟာ သူယူဆောင်လာတဲ့ မတည်ငြိမ်မှုတွေနဲ့ စီးပွားရေးပြိုလဲမှုတွေကြောင့်တော့မဟုတ်ပါဘူး။ အာဏာသိမ်းပြီးကတည်းက USDP အဖွဲ့ဝင်တွေဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ ပစ်မှတ်အဖြစ် လုပ်ကြံသတ်ဖြတ်ခံနေကြရပါတယ်။ ပါတီဝင်နဲ့ ထောက်ခံသူ ၃,၀၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ ပါတီက ပြောထားပေမဲ့ စစ်တပ်ကတော့ သူတို့ကို ကာကွယ်မပေးနိုင်ခဲ့ပါဘူး။
တချိန်တည်းမှာပဲ မင်းအောင်လှိုင်ဟာ သူ့အရင်က စစ်ခေါင်းဆောင်တွေထက်တောင် အာဏာကို ပိုပြီးချုပ်ကိုင်လာတာကြောင့် သူ့ကိုဖြုတ်ချဖို့ ပိုပြီးခက်ခဲလာပါတယ်။ ၂၀၂၃ ခုနှစ်မှာ တရုတ်နယ်စပ်ဒေသအများစုကို စစ်တပ်က လက်လွှတ်ခဲ့ရချိန်မှာ စတင်ခဲ့တဲ့ လူသိရှင်ကြားဝေဖန်မှုတွေဟာလည်း စစ်တပ်ရဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကြောင့် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။
ဥပမာအားဖြင့်၊ USDP ရဲ့ ထင်ရှားတဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ လှဆွေက မင်းအောင်လှိုင်ရဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို သွယ်ဝိုက်ပြီးဝေဖန်ခဲ့ပါတယ်။ လှဆွေက တခြားစစ်ခေါင်းဆောင်တွေရဲ့ စစ်ပွဲအောင်မြင်မှုတွေကို ချီးကျူးခဲ့ပြီး မင်းအောင်လှိုင် သိသိသာသာရှုံးနိမ့်ခဲ့တဲ့ စစ်မျက်နှာတွေကို တိတိကျကျထည့်ပြောခဲ့ပါတယ်။ မကြာခင်မှာပဲ ခဏတာထိန်းသိမ်းခံခဲ့ရပြီး အဲဒီနောက်ပိုင်းမှာတော့ သူ့လေသံက ပြောင်းသွားခဲ့ပါတယ်။ ဇူလိုင်လမှာ Foreign Policy က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ လှဆွေက အစိုးရခေါင်းဆောင်အပေါ် ဘာမကျေနပ်မှုမှမရှိဘူးလို့ အခိုင်အမာပြောပြီး ဖုန်းချသွားခဲ့ပါတယ်။
အကောင်းမြင်သူတွေအတွက်တော့ မင်းအောင်လှိုင်ကို ဘေးဖယ်ထုတ်နိုင်မယ့် ဘယ်လို ရွေးကောက်ပွဲမျိုးမဆို ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတခုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ “လမ်းကြောင်းတခုကတော့ ရွေးကောက်ပွဲလုပ်မယ်၊ ပြီးရင် ဆွေးနွေးမယ် ဆိုတာပါပဲ” လို့ အနောက်တိုင်းသံတမန်တဦးကပြောပါတယ်။ သူဟာ မီဒီယာမှာ ပြောခွင့်မရှိတဲ့အတွက် သူ့နာမည်ကို မဖော်ပြဖို့ Foreign Policy ကို တောင်းဆိုခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ သူ့လက်ထက်မှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ ခွဲခြားလို့ မရတော့ပါဘူး။ ဒါကြောင့် သူအာဏာရှိနေတုန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်မယ်ဆိုတဲ့အတွေးက လုံးဝမဖြစ်နိုင်သလောက်ပါပဲ။ ပြီးခဲ့တဲ့ မေလကပဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေက စာသင်ကျောင်းတကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အသက် ၈ နှစ်အရွယ်ကလေးတွေအပါအဝင် ကျောင်းသား ၂၀ နဲ့ ဆရာ ၂ ဦး သေဆုံးခဲ့ပါတယ်။
မြန်မာ့သက်တမ်းအရှည်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒို စောတောနီးက “စစ်တပ်က အရပ်သားအုပ်ချုပ်မှုအောက်မှာ နေဖို့သဘောတူမှသာ ဆွေးနွေးဖို့စဉ်းစားမယ်” လို့ Foreign Policy ကို ပြောပါတယ်။
“မင်းအောင်လှိုင် နောက်ဆုတ်သွားရင်တောင် စစ်တပ်နဲ့ ဆွေးနွေးရတာ ပိုလွယ်သွားမှာမဟုတ်ပါဘူး” လို့ သူက စာတိုပေးပို့ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ဟာ အရပ်သားရဲ့ကြီးကြပ်မှုအောက်ကနေ လွတ်ကင်းနေပါတယ်။
ဒါပေမဲ့ ဒါဟာ မျှော်လင့်တာထက် ပိုနေနိုင်ပါတယ်။ “ဒီရက်ပိုင်း သံတမန်တွေရဲ့ စိတ်အခြေအနေက နည်းနည်းတော့ မျှော်လင့်ချက်မဲ့နေပါတယ်” လို့ အမည်မဖော်လိုတဲ့ အနောက်တိုင်းသံတမန်တဦးက ပြောပါတယ်။ မင်းအောင်လှိုင် အာဏာစွန့်ဖို့ဆိုတာက “ဖြစ်နိုင်ခြေမရှိတဲ့ စိတ်ကူးယဉ်မှုတခုသာဖြစ်တယ်” လို့ ထပ်ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲကို ဒီဇင်ဘာလမှာကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်အနေနဲ့ သူ့စိတ်ကြိုက်လူကို သမ္မတအဖြစ်ခန့်အပ်ဖို့ ဒါမှမဟုတ် သူကိုယ်တိုင်သမ္မတဖြစ်လာခဲ့ရင် သူ့စကားနားထောင်မယ့်လူကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် အစားထိုးဖို့အတွက် လုပ်ငန်းစဉ်တွေကို ကြိုးကိုင်ခြယ်လှယ်ဖို့ အချိန်အလုံအလောက်ရှိပါတယ်။ စစ်တပ်ထဲက ပြိုင်ဘက်အုပ်စုတခုက သူ့ကိုကျော်လွန်သွားပြီလို့ ခံစားရရင် သူက ဒီရွေးကောက်ပွဲတခုလုံးကို အလွယ်တကူ ဖျက်သိမ်းပစ်နိုင်ပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ကလည်း လက်တွေ့မှာ အခက်အခဲတွေရှိပါတယ်။ စစ်တပ်ကိုထောက်ခံတဲ့ မဲဆွယ်ပွဲတွေ ဒါမှမဟုတ် မဲရုံတွေဟာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ်တချို့ဟာ အခုဆိုရင် ထိန်းချုပ်မှုတွေ ရောထွေးနေပါတယ်။ တချို့ နယ်မြေတွေကတော့ တော်လှန်ရေးတပ်တွေလက်ထဲ လုံးဝနီးပါး ကျရောက်သွားပါပြီ။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာဆိုရင် စစ်အုပ်စုဟာ ပြည်နယ်မြို့တော်တွေကလွဲပြီး ကျန်တာ မထိန်းချုပ်နိုင်တော့ပါဘူး။
မင်းအောင်လှိုင်ဘက်က ကြည့်ရင်တော့ ဒီမတည်ငြိမ်မှုတွေကြောင့် အကျိုးကျေးဇူးတွေ ရနေပါတယ်။ စစ်အုပ်စုက အိန္ဒိယမှာထုတ်လုပ်တယ်လို့ Crisis Group က ဖော်ပြထားတဲ့ အီလက်ထရောနစ်မဲပေးစက်တွေသုံးပြီး ရက်သတ္တပတ်ပေါင်းများစွာ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမယ်လို့ ပြောထားပါတယ်။ ဒီပုံစံက မင်းအောင်လှိုင်အတွက် ရလဒ်တွေကို သူ့စိတ်ကြိုက်ဖြစ်လာအောင် လုပ်ဖို့ လွယ်ကူသွားပါလိမ့်မယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ NLD က မဲလိမ်လည်မှုလုပ်ခဲ့တယ်လို့ အခြေအမြစ်မရှိစွပ်စွဲပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်အတွက်တော့ အီလက်ထရောနစ်မဲပေးစက်တွေဆိုတာက အဆင်မပြေတဲ့ ဖြေရှင်းနည်းတခုဖြစ်နေနိုင်ပါတယ်။ အာဏာရှင်ဆန်တဲ့ သဘောထားတွေရှိပေမဲ့လည်း သန့်ရှင်းတဲ့ ရွေးကောက်ပွဲတွေ ကျင်းပလိုတဲ့ မဆီမဆိုင်စွဲလန်းမှုမျိုး မြန်မာစစ်တပ်ဆီမှာ အစဉ်အလာတခုလို ရှိခဲ့ပါတယ်။ ၁၉၉၀ နဲ့ ၂၀၁၅ ခုနှစ်က စစ်တပ်က ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေအားလုံးမှာ NLD က အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုလည်း ပယ်ဖျက်ခဲ့ပေမဲ့ မဲတွေကိုတော့ မျှမျှတတ ရေတွက်ပေးခဲ့ပါတယ်။ အာဏာထိုင်ခုံလှုပ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ဘေဂျင်းရဲ့ ဖိအားတွေကို ရင်ဆိုင်ခဲ့ရတာကြောင့် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကို ကျင်းပဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာကတော့ သေချာစောင့်ကြည့်ရဦးမှာပါ။
ရွေးကောက်ပွဲကို ဖျက်သိမ်းတာ ဒါမှမဟုတ် အကြွင်းမဲ့အာဏာရှင်အဖြစ် ဆက်လက်ရပ်တည်နေမယ်ဆိုရင် တရုတ် ဒေါသကို ရင်ဆိုင်ရနိုင်ပါတယ်။ ၂၀၂၃ ခုနှစ်က တရုတ်နယ်စပ်မှာဖြစ်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ၁၀၂၇ ထိုးစစ်ကို တရုတ်က ခွင့်ပြုခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ဟာ ခန့်မှန်းလို့မရပါဘူး။
သူ့ကိုယ်ကျိုးအတွက်ဆိုရင် နိုင်ငံနဲ့ စစ်တပ်ကို ထိခိုက်စေဖို့ ဝန်မလေးဘူးဆိုတာကို လက်တွေ့အကြိမ်ကြိမ်ပြသခဲ့ပြီးသားပါ။ ဒါကြောင့် ရွေးကောက်ပွဲကိုယ်နှိုက်က သူ့ရဲ့ထိုင်ခုံကို ခြိမ်းခြောက်လာမယ်ဆိုရင် (တရုတ်ရဲ့ အမျက်ဒေါသကို ခံရရင်တောင်) ရွေးကောက်ပွဲကို ဖျက်ချင်ဖျက်သိမ်းနိုင်ပါတယ်။
ဒါကို တရုတ်ကလည်း သိပြီးသားပါ။ ဒါကြောင့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထောက်ခံပေးနေတာဟာ ထင်မှတ်မထားတဲ့ အပြောင်းအလဲ တခုခု ဖြစ်ချင်လည်းဖြစ်ပါစေ ဆိုပြီး တရုတ်ဘက်က မှန်းဆကြည့်လိုက်တဲ့ သဘောပဲဖြစ်ပါတယ်။
အန်ဒရူးနခမ်ဆင်