
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ယောက် သေဆုံးပြီး စစ်တပ်ထံကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ အမှတ် ၁ စစ်ဒေသက သြဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
သြဂုတ် ၆ ရက်ကနေ ၁၅ ရက်အထိ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်က တတက ၁၀ က ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီး ထွန်းလင်းသူနဲ့ စကခ ၁၀ လက်အောက်ခံ ခမရ ၃၆၃ က ဗိုလ်ကြီး ၀င်းမင်းစိုးတို့ ဦးစီးတဲ့ ခန့်မှန်းအင်အား ၁၂၀ ကျော် ပါလာတာလို့ ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်သားအလောင်း ၃ လောင်းရပြီး သုံ့ပန်းတယောက် ဖမ်းဆီးရမိခဲ့ကာ သေဆုံးသူတွေဟာ အဓမ္မ စစ်သားစုဆောင်းခံရတဲ့ ဂေါ်ရခါးလူမျိုး စစ်မှုထမ်း စစ်သားတွေလို့လည်း တော်လှန်ရေးတပ်က ပြောပါတယ်။
အခုတိုက်ပွဲကို အမှတ် ၅ အထူးလှုပ်ရှားတပ်ရင်း၊ အမှတ် ၆ အထူးလှုပ်ရှားတပ်ရင်း၊ ကလေးခရိုင် အမှတ် ၄ တပ်ရင်း၊ ကလေးခရိုင် အထူးစစ်ကြောင်း (PDF + ပကဖ)၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ PDF Zoland-Drone Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲကနေ စစ်တပ်ထံက MG-42 ၁ လက်၊ BA -100 ၁ လက်၊ MA-4 ၁ လက်၊ MA-E ၂ လက်၊ MA-1 ၂ လက်၊ MA-3 ၂ လက်၊ G-3 ၁ လက်၊ MG-42 ပြောင်းပို ၂ ခု၊ RPG ဒုံးသီး ၅ ခု၊ ကျည်ဘောက်မျိုးစုံ ၂၄ ခု၊ ၄၀ မမ ဗုံးသီး ၁၂ လုံး၊ ၇ ဒသမ ၆၂ ကပစကျည် ၁,၉၀၃ တောင့်၊ ၅ ဒသမ ၅၆ ကပစကျည် ၁,၃၈၉ တောင့်၊ ၁၄ မိုင်း ၅ ခု၊ ၈၄ မမ မှန်ပြောင်း ၁ ခု၊ ၈၁ မမ မှန်ပြောင်း ၁ ခု၊ အီနာဂါ ဗုံးသီး ၁ ခု၊ ကျည်ကာဦးထုပ် ၁ လုံးတို့ကို သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။