
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ အနောက်ဖျားမှာရှိတဲ့ ရွာမရပ်ကွက်အနီးမှာ ဩဂုတ် ၂၄ ရက် ညနေ ၃ နာရီကျော်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၈ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့လည်း မျက်မြင်တွေ့ရသူ ဒေသခံတွေဆီက သိရပါတယ်။
ချောင်းဦးမြို့ပေါ်နေ ပြည်သူတယောက်က “စစ်တပ်က မြို့ရဲ့အနောက်ဘက်ကို အထွက်ပြတာနေမယ်ဗျ။ အဲဒါကို ပြည်သူ့ကာကွယ်ရေးတပ်က အရင်ဆီးတွယ်လိုက်တာ။ အလောင်းကတော့ ၈ လောင်း ချောင်းဦးမြို့ထဲ ပြန်သယ်သွားတာ မြင်လိုက်ရတယ်။ အခုလို တိုက်ပွဲဖြစ်ပြီး ရပ်ကွက်လမ်းအတွင်းမှာ အသက် ၅၀ ကျော် အရပ်သား အမျိုးသားတဦး သေနတ် ပစ်သတ်ထားခဲ့သလို အသက် ၂၅ နှစ်အရွယ် အရပ်သူ အမျိုးသမီးလည်း ပစ်သတ်သွားတယ်။ နောက်ပြီး လူနေအိမ် ၄၀ ကျော်ကိုလည်း မီးရှို့သွားတယ်။ နောက်ပြီး တန်ကြေးရှိတဲ့ ဆိုင်ကယ် ၄ စီး၊ ကားတစီး ယူဆောင်သလို သူတို့စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးတဲ့ အမျိုးသမီးတွေရဲ့ နားကပ်၊ ဆွဲကြိုးနဲ့ ငွေ စတာတွေကိုပါ အကုန်လုယူတယ်။ မပေးလို့လည်း မရဘူးလေ။ သူတို့က မပေးတဲ့သူတိုင်းကို သေနတ်နဲ့ပစ်သတ်မှာလို့လည်း ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့သလို လက်နက်ငယ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲဝင်ခဲ့တဲ့ အမည်မဖော်လိုတဲ့ LPDF ခေါင်းဆောင်တယောက်က “ကနဦး မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် မျက်နှာချင်းဆိုင် တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်ပြီး သူတို့ဘက်က အထိနာပြီး ပြည်သူနေအိမ်တွေကို ညနေ ၄ နာရီအချိန်မှာ မီးရှို့တယ်။ ကျနော်တို့သိတာ ဒီလောက်ပါပဲ။ စစ်ရေးသတင်းကတော့ ဒီလောက်ပဲ ပြောလို့ရလို့ပါ” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက အခုလို တိုက်ပွဲဖြစ်ပွားပြီး ရွာမရပ်ကွက် မကျည်းတော ဘုန်းတော်ကြီးကျောင်းမှာ တဖွဲ့၊ ချောင်းဦးမြို့ခန်းမမှာ တဖွဲ့ စုစုပေါင်း ၂ ဖွဲ့ခွဲ စခန်းချ နေထိုင်နေပြီး အဆိုပါစစ်ကြောင်းဟာ ချောင်းဦးမြို့အနောက်ဘက်မှာရှိတဲ့ ပျူရွာတွေကို ရိက္ခာပို့ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။