
ပဲခူးတိုင်း၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့ စစ်ကောင်စီရဲ့ ခမရ ၅၉၉ တပ်ထဲကို လက်နက်ကြီးတင်ဆောင်လာတဲ့ကားနဲ့ စစ်သားတွေ အင်အားဖြည့်နေတယ်လို့ မူးမြို့နယ်၊ ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီ တာဝန်ခံက ပြောပါတယ်။
သြဂုတ် ၂၈ ရက် ညနေ ၃ နာရီခွဲမှာ ဖြူးမြို့ထဲက လက်နက်ကြီးတင်ဆောင်လာတဲ့ကားနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၉၀ လောက်ပါတဲ့ ကား ၃ စီးတို့ မူးမြို့ ခမရ ၅၉၉ တပ်ရင်းထဲကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
အခု သြဂုတ်လထဲမှာ အဲဒီတပ်က ပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်ပြီး အင်အားထပ်ဖြည့်နေလို့ ပြည်သူတွေ ပိုစိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
မူးမြို့နယ် ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီဝင်က “လက်နက်ကြီးပစ်တဲ့နေရာက ရွာသားတွေ ထွက်ပြေးနေကြလို့၊ လက်နက်ကြီးနဲ့ ဒရုန်းက နေ့တိုင်းလာချပါတယ်။ ပြည်သူ ပြန်နေမရတဲ့ရွာက မူးမြို့နယ်ဘက်မှာတော့ ရွာ ၂၀ ကျော်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဆက်တိုက် ပစ်ခတ်တာတွေရှိသလို တိုက်ပွဲမဖြစ်ဘဲနဲ့ ခမရ ၅၉၉ တပ်ကနေလည်း လက်နက်ကြီးနဲ့ ရွာတွေထဲကို ရမ်းသန်းပစ်ခတ်ပြီး ခလရ ၆၀ တပ်ရင်းကနေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာ ၅၀ ကျော်မှာ ၂၀ ကျော်က ပြည်သူ ၃၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်ကနေ ၁၀ ရက်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတယောက် သေဆုံးခဲ့ပြီး ၆ ယောက်က ပြင်းထန်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
သြဂုတ် ၂၁ ရက်ကနေ ၂၆ ရက်အတွင်းမှာလည်း မူးမြို့နယ်ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ ၂ ယောက် ထိခိုက်မိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ထားပါတယ်။