
သဘာဝအမွေအနှစ်အဖြစ် ကြေညာသတ်မှတ်ခံထားရတဲ့ ရှမ်းပြည်မြောက်ပိုင်းက ဂုတ်ထိပ်တံတားဖျက်ဆီးခံရမှုဟာ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာဖြစ်တဲ့အတွက် ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဩဂုတ် ၂၉ ရက်မှာ ကြေညာပါတယ်။
ရှမ်းပြည်မြောက်ပိုင်းရဲ့ ကြားကာလအမွေအနှစ်ဖြစ်တဲ့ ဂုတ်ထိပ်တံတား ပျက်စီးမှုအတွက် နှမြောဝမ်းနည်းကြောင်း၊ ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အရေးယူမှုတွေ ပြုလုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ညီနောင် မဟာမိတ်တို့ရဲ့ အမွေအနှစ်တွေကို ပူးပေါင်းကာကွယ်သွားမယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဩဂုတ် ၂၄ ရက် မနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အမွေအနှစ် ဂုတ်ထိပ်တံတားကို ဗုံးခွဲဖျက်ဆီးခံရတဲ့သတင်းအပေါ် မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တာဝန်ရှိသူရဲ့ ဖြေကြားချက်အရ မိမိတို့နယ်မြေအမွေအနှစ်အပေါ် ချစ်ခင်မြတ်နိုးလို့ ပြုပြင်ထိန်းသိမ်းဖို့သာ ဆန္ဒရှိကြောင်း၊ ကြေညာချက် ၆/၂၀၂၄ ပါ တားမြစ်ချက်တွေကို ကျူးလွန်ခြင်းမရှိကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်က စစ်ရေး၊ နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ ကျူးလွန်တာဖြစ်ကြောင်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်က ၂၀၂၄ ခုနှစ်၊ ဇွန်လကုန် အတွင်းမှာပဲ ရှမ်းပြည်မြောက်ပိုင်းက ခိုလိတ်ရထားလမ်းတံတား၊ မန်စံရေကျကြိုးတံတား၊ မန်ပွဲတံတား၊ စွတ်လန်းတံတားတွေကို ဗုံးခွဲဖျက်ဆီးခဲ့ပြီး ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်ကနေ ၂၀၂၄ ဩဂုတ် ၁၅ ရက်အထိ တိုက်ခိုက်မှု ၂၃၁ ကြိမ် ကျူးလွန်ခဲ့တာကြောင့် ရှေးဟောင်းအမွေအနှစ်နဲ့ သာသနိက အဆောက်အဦ ၂၃၁ ခု ပျက်စီးခဲ့ကာ၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းနဲ့ ကျေးရွာတွေကို မီးရှို့ခဲ့ပြီး သမိုင်းဝင်နေရာတွေများစွာကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-လားရှိုး ရထားလမ်းပေါ်က ဂုတ်ထိပ်တံတားကို TNLA သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၂၀၂၄ ခု ဩဂုတ် ၂၀ ရက်မှာ ကြေညာချက်အမှတ် ၆/၂၀၂၄ နဲ့ ဂုတ်ထိပ်တံတားနဲ့ တံတားအနီး သဘာဝဝန်းကျင်ကို ရှမ်းပြည်မြောက်ပိုင်းရဲ့ ကြားကာလအမွေအနှစ်စာရင်း - ၁ မှာ စက်မှုအမွေအနှစ်နဲ့ သဘာဝအမွေအနှစ်အဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုဘက်ကတော့ ဂုတ်ထိပ်တံတားကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖျက်ဆီးခဲ့တာဆိုပြီး ကန့်ကွက်ရှုတ်ချ ဆန္ဒပြတာတွေ ပြုလုပ်နေပါတယ်။
ဝေဝေ