
မန္တလေး-လားရှိုး ရထားလမ်းပေါ်က ကမ္ဘာကျော် ဂုတ်ထိပ်တံတားဟာ ဩဂုတ် ၂၄ ရက် ဒီမနက်ပိုင်းမှာ ဗုံးထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်မဲ ဒေသခံ အမျိုးသားတယောက်က “သေချာသလောက်ပဲ။ အပေါ်က ရဲကင်းလေ။ ကျောက်မဲဘက်ခြမ်း အစပဲဆိုတော့ ပြန်ပြင်လို့ရသေးတယ်။ တော်သေးတယ်။ နည်းနည်းပျက်စီးရုံလောက်ထင်တယ်။ ဟိုလိုကြီးတော့ မကျိုးပါဘူး။ ရထားလည်း မသွား၊ ဘာမှမဆိုင်တဲ့ ရှေးဟောင်းအမွေအနှစ် အခုလို ဖြစ်သွားတာကို စိတ်မကောင်းဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ‘နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိပြီဖြစ်သော ကမ္ဘာ့အမွေအနှစ် ဂုတ်ထိပ်တံတားကြီးကို ပလောင်သောင်းကျန်းသူတွေ ချိုးဖျက်ဆီးသွားခဲ့ပါပြီ’ လို့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး တအာင်းတပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီးတော့မှ ကျမတို့ကလည်း ဒီမနက်ပိုင်းမှ ကြားသိရပါတယ်။ သတင်းကနေတက်နေတာလည်း တွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ ကျမတို့လည်း စုံစမ်းတာမျိုးတွေရှိပါတယ်။ ဒီမနက်ပိုင်းမှာ စစ်ကောင်စီက ကျမတို့ TNLA တည်ရှိရာ ဂုတ်ထိပ်တံတား တဝိုက်မှာဆိုရင် ဒရုန်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ ရှိပါတယ်။ အဲဒီ ဗုံးကြဲတိုက်ခိုက်နေတဲ့ အချိန်မှာ စစ်ကောင်စီက ကျမတို့ TNLA ကို ဦးတည်ပြီးတော့မှ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်နေတဲ့ အချိန်မှာ ကျမတို့ကို ကျရောက်တာမျိုးမဟုတ်ဘဲနဲ့ အဲဒီ တိုက်ခိုက်လိုက်တဲ့ ဒရုန်းတွေက ဒီ ဂုတ်ထိပ်တံတားကို ထိမှန်ပြီးမှ ဖျက်ဆီးခံရတာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
လက်ရှိမှာတော့ နောင်ပိန်ဘက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြင်းထန်နေပြီး တခြားဒေသတွေကိုတော့ စစ်တပ်ဘက်က လေကြောင်းကနေတိုက်ခိုက်တာ၊ ဂုတ်တွင်းဝန်းကျင်မှာတော့ ဒရုန်းနဲ့ တိုက်ခိုက်တာမျိုးတွေရှိတယ်လို့လည်း ဆက်ပြောပါတယ်။
ဂုတ်ထိပ်တံတားဟာ ဂုတ်တွင်းလို့ခေါ်တဲ့ ပေ ၃၀၀ ကျော် မတ်စောက်တဲ့ လျှိုကြီးနှစ်ဖက်ကို ဖြတ်ကျော် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
နောင်ချိုဘူတာအလွန် ၇ မိုင်အကွာမှာရှိပြီး ၁၈၉၉ ခုနှစ်မှာ အင်္ဂလိပ်တွေကတည်ဆောက်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ်မှာ ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်ရောက်မှ စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
တံတားအရှည် ပေ ၂၂၆၀၊ အမြင့် ပေ ၁၁၀၀ ရှိပြီး သံတိုင်ကြီးပေါင်း ၁၆ တိုင်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒီတံတားဟာ ဂျပန်တို့ ဆုတ်ခွာချိန်ကလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး နောက်ပိုင်းမှာ ပြန်လည်ပြင်ဆင်ထားတာ ဖြစ်ပါတယ်။