
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တဲ့ဒဏ်ကို ဆက်တိုက်ခံနေရတဲ့ ကျောက်မဲမြို့က အရပ်သားပြည်သူတချို့ဟာ မြို့ကို ယာယီစွန့်ခွာပြီး နေထိုင်နေကြပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို အာဏာသိမ်း စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ဒီလပိုင်းတွေအတွင်း ရက်ခြားဆိုသလို ပြုလုပ်တာကြောင့် အရပ်သားတွေ သေဆုံး ထိခိုက်ဒဏ်ရာရတာတွေ ရှိနေပါတယ်။
ဒါ့ကြောင့် စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေက အရပ်သားပြည်သူ မိသားစုတွေဟာ စိုးရိမ်စိတ်တွေ မြင့်တက်နေပြီး ဘေးကင်းမယ်ထင်မယ့် နေရာတွေကို ယာယီတိမ်းရှောင် နေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ကျောက်မဲမြို့လိုပဲ မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ သီပေါမြို့ကိုလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
ဒါ့ကြောင့် သီပေါမြို့ပေါ်က အရပ်သားပြည်သူတွေဟာလည်း ဘေးကင်းမယ်ထင်မယ့် နေရာတွေဘက်ကို ယာယီရွှေ့ပြောင်း နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ဆုံးရှုံးသွားတဲ့ မြို့တွေကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်အတွင်းက မြို့နယ်ပေါင်း ၁၃ မြို့နယ်နဲ့ မြို့ငယ်တွေကို သိမ်းပိုက်ထိန်းချုပ်ခဲ့တာဆိုရင် ၁ နှစ်ကျော်ပြီ ဖြစ်ပါတယ်။
အဲဒီထဲက လားရှိုးမြို့ကို တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်တပ်က ပြည်လည်ရယူခဲ့ပြီး နောင်ချိုမြို့ကိုတော့ စစ်အင်အားအလုံးအရင်းနဲ့ ပြည်လည်သိမ်းယူနိုင်ခဲ့ပါတယ်။