
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာကြောင့် ပြည်သူတယောက် ထိခိုက်မိတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
သြဂုတ် ၇ ရက် ညနေ ၆ နာရီဝန်းကျင်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်နဲ့ အသက် ၂၀ ကျော် အရပ်သား လူငယ်တယောက်လည်း ထိခိုက်မိတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတယောက်က “၃ နေရာ ကြဲသွားတယ်။ ဒီးမော့ဆို အနောက်တနေရာမှာတော့ နေအိမ်နဲ့ ကျောင်းဆောင်တဆောင် ထိခိုက်မိတယ်။ လူလည်း ထိခိုက်မိတယ်၊ လက်နက်ကြီးပစ်ပြီး လေယာဥ်နဲ့ ဗုံးကြဲတာ” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ငွေတောင်အခြေစိုက် ၁၀၂ တပ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ၂ လုံးပစ်ခတ်ပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
သြဂုတ်လ ပထမအပတ်ထဲမှာ ဒီးမော့ဆိုမြို့နယ်အနီးက ဒေါငံခါး၊ ကုန်းသာရွာနားကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူတွေ နေရာရွှေ့ပြောင်းခဲ့ရပါသေးတယ်။
ဒီးမော့ဆို အနောက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ၁၀၀,၀၀၀ ကျော်အထိရှိနေပြီး စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေကို စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။