
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ရှရော်ခရွာမှာ ဩဂုတ် ၅ ရက် မနေ့ညနေပိုင်းက စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ ၂ ယောက် သေဆုံးကာ ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ဖားကန့် ဗျူဟာကုန်းပေါ်ကနေ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ရှရော်ခရွာမှာ ကျရောက်ပေါက်ကွဲတာကြောင့် ဆယ်တန်းကျောင်းသူတယောက်နဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့တာပါ။
ဒဏ်ရာရသူတွေကို ဖားကန့်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး တချို့ ဒဏ်ရာပြင်းထန်သူတွေလည်း ပါဝင်တာကြောင့် အခြေအနေကို စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။
အပြန်အလှန် ပစ်ခတ်မှုတွေကြားမှာ ပြည်သူတွေ ကျီးလန့်စာစားနေရတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ဖားကန့်မှာက နေ့စဉ် တိုက်ပွဲတွေရှိတယ်။ မဟုတ်ရင်လည်း လက်နက်ကြီးနဲ့ပစ်တာတွေ ရှိတယ်။ နှစ်ဖက် အပြန်အလှန်ပစ်တာမျိုး ရှိတယ်။ ကြားထဲမှာက ပြည်သူတွေက ကျီးလန့်စာစားရတာပေါ့။ မနေ့ညကလည်း ဗျူဟာကုန်းက လက်နက်ကြီးနဲ့ပစ်လို့ ရှရော်ခက ဆယ်တန်းကျောင်းသူတဦးနဲ့ လူလတ်ပိုင်း အမျိုးသားတဦး သေဆုံးသွားတာ။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ပေါင်၊ ဒူးတွေ ပွင့်တဲ့သူတွေလည်း ပါတယ်။”
ဖားကန့်မှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တို့ကြား လနဲ့ချီ တိုက်ပွဲဖြစ်နေကာ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး ပစ်ခတ်တာတွေအပြင် နေ့စဉ် တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလလောက်ကစပြီး ပြည်သူ့စစ်အဖွဲ့အင်အားကို အဓိကအသုံးပြုကာ ဖားကန့်မြို့ကို စစ်ကြောင်းထိုးလာပြီးနောက် ဖားကန့်မှာ နေ့စဉ် တိုက်ပွဲရှိနေတာဖြစ်ပြီး လက်ရှိမှာလည်း ရှရော်ခ၊ မာန၊ မျောက်ဖြူ စတဲ့ ရွာတဝိုက်မှာ ဒီနေ့အထိ နေ့စဉ် တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။