Home
မြန်မာသတင်း
ကျောက်မဲတွင် စစ်တပ်လက်နက်ကြီးကြောင့် သံဃာနှင့်ပြည်သူ သေဆုံး၊ စစ်ရှောင် ၁၀,၀၀၀ ကျော် စားနပ်ရိက္ခာ လိုအပ်
DVB
·
August 1, 2025

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ပိန်ကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဘုန်းကြီးတပါးပျံလွန်တော်မူပြီး စစ်ရှောင်တယောက် သေဆုံးကာ စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ကျော် အရေးပေါ် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေ ပါတယ်။

နောင်ချိုကို ပြန်လည်ထိန်းချုပ်နိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂုတ်ထိပ်တဝိုက်ကနေ နောင်ပိန်အုပ်စုရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ရှိရာဘက်ကို ဦးတည်ပြီး လက်နက်ကြီးတွေ ပစ်ခတ်နေကြောင်း၊ ခုတပတ်အတွင်း ရွာထဲ လက်နက်ကြီး ၃ ကြိမ်ကျပြီး ဦးပဥ္စင်းတပါးပျံလွန်၊ စစ်ရှောင်အမျိုးသားတယောက် သေဆုံးကာ စစ်ရှောင်ပြည်သူ ၈ ယောက်လောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကျောက်မဲဒေသခံတယောက်က ပြောပါတယ်။

“လက်နက်ကြီးကျည်တွေက ဒီလ ၂၆ ရက်နေ့က နောင်ပိန်ရပ်ကွက် ၁၊ ၂၊ ၃ နဲ့ နတ်စင်ကြီး ရထားသံလမ်းဘက်မှာ ကျတယ်။ နောင်ချိုကနေ စစ်ရှောင်လာတဲ့ လင်မယားနှစ်ယောက် ထိတယ်၊ သူ့ယောကျ်ားက ပွဲချင်းပြီးသေပြီး မိန်းမက ဒဏ်ရာရပါတယ်။ ၃၀ ရက်နေ့မှာ ရပ်ကွက် ၄ ထဲက ပုပ္ပါရုံကျောင်းတိုက်ကို ထိတယ်။ အဲဒီမှာ ဦးပဥ္စင်းတပါး လက်မောင်းပြတ်ထွက်ပြီး ပျံလွန်သွားတယ်။ ကျောင်းတိုက်က စစ်ဘေးရှောင် ၈ ယောက်လောက် ဒဏ်ရာရတယ်။ မနေ့ (ဇူလိုင် ၃၁) မနက် ၉ - ၁၀ နာရီဝန်းကျင်မှာကျတော့ နောင်ပိန်အုပ်စု၊ ပင်တိန်ရွာ သက်ကယ်ဘုန်းကြီးကျောင်းမှာ ကျတယ်။ ကျောင်းရဲ့ ပြာသာဒ်နဲ့ ခေါင်မိုး ပေါက်သွားတယ်။ လူတော့မထိဘူး။ ဒါပေမဲ့ အဲဒီမှာရောက်နေတဲ့ စစ်ရှောင်တွေလည်း နောက်ထပ် စစ်ဘေးရှောင်ရတယ်။ ၃ ရက်အတွင်း ထွက်ပြေးရတဲ့လူတွေက ထောင်နဲ့ချီရှိတယ်။”

နောင်ပိန် စစ်ဘေးရှောင်ကူညီနေတဲ့ ပရဟိတအဖွဲ့ဝင်တယောက်ကလည်း  နောင်ချိုမှာ အရင်ကရှိပြီးသား စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အပြင် နောက်ထပ် ဒေသခံတွေပါ စစ်ဘေးရှောင်ရတာကြောင့် စစ်ရှောင်လူဦးရေ များလာပြီး အရေးပေါ် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ DVB ကို ပြောပါတယ်။

“ကျနော်တို့ နောင်ပိန်မှာ အရင်က တိုက်ပွဲတွေကြောင့် နောင်ချို၊ ကျောက်မဲ၊ သီပေါဘက်ကနေ တိမ်းရှောင်လာတဲ့ စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကျော် ရှိပါတယ်။ နောင်ပိန်ဓမ္မာရုံ၊ ပုပ္ပါရုံကျောင်း၊ ပန်တိန် သက်ကယ်ကျောင်း၊ အထကကျောင်း၊ မော်မာ၊ ထန်းတပင်၊ ကုန်းညောင် အဲဒီကျောင်းတိုက်တွေမှာ ခွဲပြီးနေကြတယ်။ အဲဒီထဲက နောင်ပိန်ကြီး၊ ပုပ္ပါရုံ၊ ပန်တိန်က သံဃာနဲ့ ပြည်သူတွေ ထပ်ရှောင်ရတယ်။ တချို့က လုတ်ပါနဲ့ ပေါ်တော်မူကျောင်းတိုက်မှာ သွားနေကြတယ်လို့ သိရတယ်။ နောင်ပိန်မှာ ပရဟိတအဖွဲ့က ‘ကမ်းလင့်လက်’ တဖွဲ့ပဲရှိတော့ ကူညီထောက်ပံ့ရေး မလောက်မင ဖြစ်နေပါတယ်။ ခုလော‌လောဆယ် လိုနေတာက ဆန်၊ ဆီ၊ ကြက်ဥ စတဲ့ စားနပ်ရိက္ခာ ဟင်းချက်စရာတွေပါ။”

စေတနာရှင်တွေအနေနဲ့ “ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန်” လူမှုကွန်ရက်ကနေ တဆင့် ဆက်သွယ်ကူညီနိုင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024