
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ်၊ ရက်ဆက် ပစ်ခတ်နေလို့ အရပ်သား တချို့ သေဆုံးတာတွေရှိနေပြီး ရွာသားတွေလည်း ရွာလုံး ကျွတ်စစ်ဘေး တိမ်းရှောင်နေရပါတယ်။
မန္တလေး- လားရှိုး ပြည်ထောင်စုလမ်းကြီးနဲ့ နှစ်ဖာလုံဝန်းကျင်အကွာမှာရှိတဲ့ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာကို နောင်ချိုမြို့နယ်ဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ပစ်ခတ်နေတာပါ။
လက်နက်ကြီးကျည်ထိမှန်ပြီး ဇူလိုင် ၂၆ ရက်က အရပ်သား တယောက်သေဆုံးကာ ဇူလိုင် ၃၀ ရက်က ကိုရင်ကြီးတပါး ပျံလွန်ခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။
ဒါ့ကြောင့် နောင်ပိန်ကျေးရွာက ပြည်သူတွေဟာ ဘေးကင်းရာကို ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေကြရတယ်လို့ ရွာသားတယောက်က ပြောပါတယ်။
နောင်ပိန်ကျေးရွာဟာ စစ်ကောင်စီတပ် ပြန်သိမ်းနိုင်ခဲ့တဲ့ နောင်ချိုမြို့နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကြားမှာ တည်ရှိပါတယ်။
လက်ရှိနောင်ပိန်ကျေးရွာမှာ နောင်ချိုမြို့တိုက်ပွဲဖြစ်နေချိန်က အိုးအိမ်စွန့်ခွာလာကြတဲ့ စစ်ဘေးရှောင်ဦးရေ သောင်းဂဏန်းနီးပါး ခိုလှုံနေပါတယ်။ အဲ့ဒီ စစ်ဘေးရှောင်တွေက နောင်ပိန်နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာမှာ စိုးရိမ်နေကြတယ်လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို ဇူလိုင် ၁၆ ရက်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် နောင်ချိုမြို့ကို ခြေကုပ်ယူပြီး မြန်မာ- တရုတ် ကုန်သွယ်ရေးလမ်းနဲ့ လမ်းကျောပေါ်မှာရှိတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ဆင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။