
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မုန်းကုန်းကျေးရွာကို သြဂုတ် ၁၂ ရက် ညက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ အမျိုးသမီးတယောက် သေဆုံးပြီး ဆရာမ တယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်တပ်က ပေါက်မြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ကျေးရွာအတွင်းကို ၄ ကြိမ် ပစ်ခတ်ခဲ့ပြီး ၃ ကြိမ် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတယောက် သေဆုံးတဲ့အပြင် အသက် ၂၀ ကျော်အရွယ် ဆရာမတယောက် ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဆုံးသွားတဲ့သူက နောက်စေ့ကို လက်နက်ကြီးထိပြီး ဆုံးတာ။ ဆေးရုံသွားတဲ့လမ်းမှာ ဆုံးသွားတာ။ အဲဒီရွာနဲ့ ဆေးရုံရှိတဲ့ရွာကလည်း ယောချောင်းခြားနေတာ။ ည ၁၂ လောက်မှာ ဆုံးသွားတယ်။ ထိထားတဲ့နောက်တယောက်က အဲဒီရွာမှာ စာသင်နေတဲ့ စေတနာ့ဝန်ထမ်း ဆရာမ။ မျက်နှာကို ဆိုးဆိုးရွားရွားထိတာဆိုတော့ စိုးရိမ်ရတယ်။ မျက်နှာက မျက်စိတဖက်ရယ်၊ နှာခေါင်းရယ်၊ ပါးစပ်ရယ်က မရှိတော့ဘူး။ တွဲလောင်းကြီးနဲ့ အဲဒီနေရာက ချိုင့်ခွက်ကြီး ဖြစ်သွားတယ်။ သတိတော့ အကုန်ရှိတယ်၊ စကားမပြောနိုင်တော့ဘူး။”
စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာအတွင်းက ဒေသခံတွေ ရှောင်တိမ်းနေထိုင်နေကြတယ်လို့ သိရပါတယ်။
မုန်းကုန်းကျေးရွာက ပေါက်မြို့၊ ယာကြီးပြင် ပျူစောထီးရွာနဲ့ အုန်းတောစစ်တပ် ဂိတ်ရဲ့ အနီးမှာရှိပြီး အရင်ကတော့ ကျေးရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
သြဂုတ် ၁၁ ရက်ကလည်း ပေါက်မြို့နယ်အတွင်းက ကျေးရွာ ၁၈ ရွာကို စစ်တပ်က Y-12 လေယာဥ်နဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၂ နှစ်ခွဲအရွယ် မိန်းကလေး တယောက်နဲ့ အသက် ၅ နှစ်ခွဲအရွယ် ယောကျ်ားလေးတယောက် သေဆုံးခဲ့တဲ့အပြင် ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါတယ်။