Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို စစ်တပ်က ဖြိုချဖျက်ဆီးနေတာ ဘာကြောင့်လဲ 
DVB
·
August 8, 2025

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထိမ်းအမှတ်တွေကို ထိန်းသိမ်းပြီး ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ လမ်းစဉ်အတိုင်း မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပေမဲ့ လက်တွေ့မှာတော့ ဗိုလ်ချုပ်ရုပ်တုတွေကို ဖယ်ရှား ဖျက်ဆီးနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထိမ်းအမှတ်တွေကို ထိန်းသိမ်းရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပြောကြားခဲ့တာပါ။

ဒါပေမဲ့ အာဇာနည်နေ့ ပြီးသွားတဲ့ နောက်ပိုင်းမှာ တကယ့်လက်တွေ့မှာတော့ မြန်မာ့လွတ်လပ်ရေးဗိသုကာ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကြေးရုပ်တုတွေကို ဖြိုချဖယ်ရှားနေတယ်လို့ သိရပါတယ်။

ဩဂုတ် ၇ ရက် ည ၁၁ နာရီ ဝန်းကျင်မှာ ပဲခူးမြို့ ရွှေမော်ဘုရားလမ်းနဲ့ တောင်ငူလမ်းဆုံ၊ ရန်ကုန်-မန္တလေး ကားလမ်းဘေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို စစ်တပ်က  ဖြိုချ ဖျက်ဆီးလိုက်ပါတယ်။

ပဲခူးမြို့ခံတယောက်က “ညတုန်းက သူတို့ ဗိုလ်ချုပ်ကြေးရုပ်ကို ဖြိုလိုက်ကြတယ်။ ည ၁၁ နာရီလောက်ကျတော့ မီးတွေက အကုန်လုံးပျက်သွားတယ်။ မြင်းစီးရုပ်ကို ဖြိုလိုက်တာ၊ အောက်ကခုံကြီးကတော့  ကျန်နေသေးတယ်။ အပေါ်က မြင်းနဲ့ အရုပ်ကြီးကတော့ မရှိတော့ဘူး။ ဘာလို့ဖြိုလိုက်သလဲတော့ ညီမတို့လည်း မသိဘူး။ ဒါပေမဲ့ ဒီနေ့မနက်မှာတော့ လုံခြုံရေးတွေ နေရာအနှံ့မှာ နည်းနည်းစီတော့ ချထားတာတွေ့တယ်၊ ၈ ရက် ၈ လဆိုတော့ ၈ လေးလုံး သပိတ်နဲ့များ ဆိုင်နေလို့လား မသိဘူး၊ လမ်းမှာ လုံခြုံရေးတွေတော့ တော်တော်ချထားတယ်” လို့ ပြောပါတယ်။

ပဲခူးမြို့က ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဟာ ၈၈ လူထုအရေးတော်ပုံ အပြီးမှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး စစ်အစိုးရလက်ထက်မှာတော့ သံတိုင်တွေနဲ့ ကာထားခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်ရောက်မှ ခြံစည်းသံတိုင်တွေဖြုတ်ကာ Public Area အဖြစ် အများပြည်သူ လည်ပတ်သွားလာနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပဲခူးမြို့က ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဟာ အရင်က အာဇာနည်နေ့အခမ်းအနား၊ စာပေဟောပြောပွဲအပြင် ပွဲလမ်းသဘင်တွေ ကျင်းပတဲ့ နေရာဖြစ်တဲ့အတွက် အခုလို ဖျက်ဆီးခံလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဗိုလ်ချုပ်ရုပ်တုကို စစ်တပ်က ဖျက်ဆီးလိုက်နိုင်ပေမဲ့ ပြည်သူတွေရဲ့ ရင်ထဲက ဗိုလ်ချုပ်အောင်ဆန်းကို မြတ်နိုးတဲ့စိတ်ကိုတော့ မဖျက်ဆီးနိုင်ဘူးလို့ ပဲခူးမြို့ခံတယောက်က ပြောပါတယ်။

“ရုပ်တုက ဘာမှ မလုပ်နိုင်ဘူးလေ၊ ကျနော်တယောက်အနေနဲ့ ပြောရရင် ဒီကောင်တွေက ဗိုလ်ချုပ်ကြောက်ရောဂါ ဖြစ်နေကြတာ၊ မအလ အုပ်စုက ဗိုလ်ချုပ်အောင်ဆန်းကို ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့ဖြစ်နေတဲ့ ပုံစံပေါ့နော်။ ဗိုလ်ချုပ်ရုပ်တုတွေကို တမင်တကာ သမိုင်းဖျောက်ချင်လို့ကို လိုက်ဖျက်ဆီးနေတာ၊ ဗိုလ်ချုပ်နဲ့ပတ်သက်တာတို့ အမေစုနဲ့ ပတ်သက်တာတို့ အဲတာတွေအကုန်လုံးကို ရုပ်တုတွေသာ သူတို့ ဖျက်လို့ရမယ်၊ ပြည်သူ့နှလုံးသားထဲက အရာကို ဘယ်အရာကမှ ဆွဲထုတ်လို့မရဘူးဆိုတာ ဒီကောင်တွေကို အသိပေးချင်တယ်။”

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်ကလည်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိဈေးအနီး ပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်ကိုလည်း စစ်တပ်က ဖယ်ရှားခဲ့ပါတယ်။

စစ်တပ်ဟာ NLD အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ အထိမ်းအမှတ်တွေကို ဖျက်ဆီးဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

“NLD လက်ထက်မှာ ဗိုလ်ချုပ်ရုပ်တုတွေ ထုကြတယ်။ ဘာလို့လဲဆိုတော့ NLD ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တာကြောင့် ပါတီဘက်ကနေ ပြီးတော့ရော ထောက်ခံသူတွေက‌ရော မိမိသဘောနဲ့မိမိ ထုကြတယ်၊ တင်ကြတာတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီဟာကျတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာထက် NLD နဲ့ပဲဆိုင်တယ်လို့ ယူဆတယ်ပေါ့နော်။ ဆိုလိုတာက NLD နဲ့ ပတ်သက်တဲ့ အမှတ်တရ သင်္ကေတတွေကိုတော့ သူတို့က ဖျက်ဆီးလိုပြီး NLD မတက်ခင်က ထားခဲ့တဲ့ အထိမ်းအမှတ်တွေကိုတော့ ထိန်းသိမ်းလိုတဲ့သဘော ဖြစ်နေတာပေါ့။ ပြောရရင်တော့ NLD တခုတည်းကိုပဲ ရည်ရွယ်ပြီးတော့ တိုက်ခိုက်နေတယ်လို့ ပြောလို့ရတယ်။”

စစ်တပ်ဟာ အာဏာသိမ်းခါစက ၂၀၂၁ ခုနှစ် တပ်မတော်နေ့ အခမ်းအနားမှာ လွတ်လပ်ရေးရပြီးကာလ ပါလီမန်ဒီမိုကရေစီခေတ်တုန်းက သံချပ်ကာကားတွေ စစ်ယူနီဖောင်းတွေကို ထုတ်ပြခဲ့တဲ့အတွက် NLD အစိုးရမတိုင်ခင်ကာလက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တွေကိုတော့ ဖျက်ဆီးလိုပုံ မရှိဘူးလို့ နိုင်ငံရေးသုံးသပ်သူ တယောက်က ပြောပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်ကလည်း မန္တလေးတိုင်း သာစည်မြို့ရှိ ဗိုလ်ချုပ်ရုပ်တုကို စစ်တပ်က ဖျက်ဆီးခဲ့ပါသေးတယ်။

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024