
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရွာသစ်နဲ့ တောင်စွန်ကြားမှာရှိတဲ့ လူနေအိမ်နဲ့ ဥယာဥ်ခြံနေရာတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ဥယျာဥ်ခြံမြေတွေကို လက်နက်ကြီးဗုံးသီးတွေ ကျရောက်ပေါက်ကွဲကာ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
သြဂုတ် ၂ ရက်ကတည်းက စတင်ပစ်ခတ်နေတာဖြစ်ပြီး သြဂုတ် ၄ ရက်အထိ ၈၀ မမ၊ ၆၀ မမ ဗုံးသီးတွေနဲ့ အဝေးကပစ်ခတ်နေတာလို့ ဆိုပါတယ်။
ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ဒေသခံတွေ စိုးရွံ့ထိတ်လန့်တာတွေတော့ရှိတယ်။ စစ်မျက်နှာဖွင့်ထားတဲ့ ဒေသတွေကို စစ်တပ်က ပစ်ခတ်နေတာ မဆင်မခြင် လူနေခြံတွေ၊ ဥယျာဥ်ခြံတွေကို ပစ်နေတာလို့ ပြောပါတယ်။ ၈၀ မမ ဗုံးသီးတွေ၊ ၆၀ မမ ဗုံးသီးတွေ ပစ်နေတာ ညက ၁ လုံး၊ ဒီမနက်မှာ ၈၀ မမ ဗုံးသီး ၃ လုံး စုစုပေါင်း လက်ရှိအချိန်ထိဆိုရင် ဗုံးသီး ၁၀ လုံးကျော်အထိ ရှိနေပြီ”လို့ ပြောပါတယ်။
ဇူလိုင် ၁၉ ရက်ကလည်း ရေးမြို့မှာရှိတဲ့ စကခ ၁၉ စစ်တပ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ထိန်းသိမ်းထားတယ်လို့ ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။