Home
မြန်မာသတင်း
အမျိုးသမီးလစဉ်သုံးနှင့် ကလေးဒိုင်ပါ အပြင် ကုန်ပစ္စည်း ၈ မျိုးကို စစ်တပ်က သယ်ခွင့်ကန့်သတ်
DVB
·
August 8, 2025

စစ်ကိုင်းအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေနဲ့ ကလေးဒိုင်ပါတွေအပြင် ကုန်ပစ္စည်း ၈ မျိုးကို ကန့်သတ်ပစ္စည်းတွေအဖြစ် သတ်မှတ်ပြီး ဖြတ်သန်းခွင့်ကို ပိတ်ပင်တားဆီးလိုက်ပါတယ်။

သြဂုတ်လ ပထမအပတ်ကစပြီး မန္တလေးအထွက် စစ်ကိုင်းဘက်ခြမ်းကို ဝင်လာတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်တိုင်းလိုလိုမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ ကလေးဒိုင်ပါတွေပါမကျန် ကုန်ပစ္စည်းတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောပါတယ်။

အဲဒီလို ကန့်သတ်လိုက်တဲ့ ကန့်သတ်ကုန်ပစ္စည်း ၈ မျိုးကတော့ ရွှေတူးဖော်ရေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေ၊ ဝါယာကြိုး၊ ဘက်ထရီ၊ ဆိုလာ၊ ပါဝါဘန့် စတဲ့ လျှပ်စစ်ဆက်စပ်ပစ္စည်းတွေ၊ စက်သုံးဆီ၊ ဓာတ်မြေသြဇာ၊ အောက်ဆီဂျင်အိုး၊ စောင်၊ ခြင်ထောင်၊ သူနာပြုဝတ်စုံ၊ အမျိုးသမီးလစဉ်သုံး၊ ဒိုင်ပါ၊ အဝတ်အထည် စတဲ့ ဆေးဝါးဆက်စပ်ပစ္စည်းတွေနဲ့ ၃ လက်မအထက် ရှိတဲ့ သံပိုက်နဲ့ ပိုက်တွေ ပါဝင်ပါတယ်။

အရင်ကတည်းက စစ်ကိုင်းတိုင်းအဝင် စစ်တပ်ဂိတ်တွေမှာ အဲဒီပစ္စည်းတွေကို စစ်ဆေးပေမဲ့ အခုလဆန်းပိုင်းကစပြီး တိုင်းအဆင့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ပါမှ ဖြတ်သန်းသွားလာခွင့်ရှိတယ်လို့ ထပ်တိုးကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်လာရင် စစ်တပ်ဂိတ်တွေက သိမ်းဆည်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ကန့်သတ်ပိတ်ပင်လိုက်တဲ့အတွက် ဒေသတွင်းမှာ ကျန်းမာရေး၊ တကိုယ်ရည် သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေ ရှားပါးလာတဲ့အပြင် ဈေးကြီးပေးဝယ်နေရတဲ့အတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“အခုလို ပိတ်ဆို့ထားမှုတွေကြောင့် ဆေးဝါးတွေအပြင် အမျိုးသမီးလစဉ်သုံးတွေရော တခြား ကုန်ပစ္စည်းတွေကပါ ပိုပိုပြီး ဈေးတက်လာတယ်ပေါ့နော်။ အရင်ကတည်းက အညာဒေသကို လမ်းပန်းဆက်သွယ်ရေးတွေကြောင့် ရောက်တဲ့ပစ္စည်းက ရှားပါးတယ်၊ နည်းတာတွေ ဖြစ်တဲ့အတွက် ပိုလို့ခက်ခဲလာတယ်၊ ဈေးကြီးပေးဝယ်ရတယ်ပေါ့နော်။ နောက်တခုက ဆေးဝါးတွေ ဆိုရင်လည်း စစ်ကောင်စီဘက်က (ဥပမာ မြွေဆိပ်ဖြေဆေးတွေကအစ) မလိုအပ်ဘဲ ပိတ်ဆို့ထားမှုတွေကြောင့် ဒီဘက်မှာဆိုရင် အသက်အန္တရာယ်အထိ ကြုံတွေ့ရတာမျိုးလည်း ရှိပါတယ်။ အမျိုးသမီးလစဉ်သုံးတွေ ဆိုရင်လည်း ဂိတ်တွေက ပေးမဖြတ်ဘူးဆိုတာ အရင်ကတည်းက ကြားနေရတာပေါ့နော်။ အခုလိုလုပ်ရပ်တွေကြောင့် အမျိုးသမီးတွေရဲ့ တကိုယ်ရည် ကျန်းမာရေးတွေလည်း ထိခိုက်ပါတယ်။ နောက်တခုက သာမန် ၂,၀၀၀၊ ၃,၀၀၀ တန်ကို ၆,၀၀၀၊ ၇,၀၀၀ အထိ ဈေးကြီးပေးဝယ်ရတဲ့ အနေအထားမျိုးတွေလည်း ရှိတော့ အများကြီး ခက်ခဲလာတယ်။ ခုက ရာသီက မိုးရာသီဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေက အရမ်းခက်ခဲတဲ့အတွက် ပိုဆိုးလာပါတယ်။”

အဲဒီဒေသတွေက အခြေခံပြည်သူတွေဟာ လုပ်အားခအနေနဲ့ တနေ့ကို ကျပ် ၁၅,၀၀၀ ဝန်းကျင်ပဲ ရနေတာဖြစ်ပြီး မဖြစ်မနေသုံးဖို့လိုတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းလိုဟာတွေ ဈေးတက်တာဟာ နဂိုကတည်းက ကျပ်တည်းတဲ့ သူတို့အတွက် ဝန်ပိုပိစေပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးတဲ့နောက်ပိုင်း အာဏာသိမ်းစစ်တပ်က ‌တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို ဆေးဝါးတွေအပြင် ကုန်စည်တင်ပို့မှုတွေကို ဖြတ်တောက် ပိတ်ဆို့ထားတာတွေ ရှိတယ်လို့ တော်လှန်ရေးအသိုက်အဝန်းကနေ သိရပါတယ်။

S&C အဖွဲ့ တာဝန်ရှိသူ ကိုစိုးမိုးအောင်က “စစ်တပ်ကတော့ ဒီလိုယုတ်မာတဲ့ပုံစံမျိုးပဲလေ။ သူတို့အနေနဲ့က ပြည်သူအပေါ် ဘယ်လိုဖျက်ဆီးရမယ်၊ ဘယ်လိုယုတ်မာရမယ် ဆိုတာလောက်ပဲ သူတို့မှာ အစီအစဉ်ရှိတာလေ၊ ပြည်သူအပေါ် ကောင်းတဲ့ဟာ တခုမှမရှိဘူးလေ၊ ပိတ်ပင်ပင် ဘယ်လိုပဲ တားဆီးဆီး လူထုကတော့ အဲလိုမျိုးလုပ်လေ သူတို့အပေါ် ပိုပြီးချဉ်လေ၊ ပိုပြီးရွံလေပါပဲ။ ဒီဟာတွေ ကန့်သတ်လိုက်လို့လည်း တော်လှန်ရေးရော၊ နိုင်ငံရေးရော ဘာမှတော့ ပြောင်းမသွားပါဘူး၊ အခြေအနေ ပိုဆိုးလာမှာပဲ ရှိမှာ။ ကုန်ဈေးနှုန်းတွေ တက်ပြီးတော့ မှောင်ခိုလမ်းတွေကပဲ ဝင်မှာပါ။ မှောင်ခိုလမ်းဝင်တယ် ဆိုတာကလည်း သူတို့ဘက်ကလူတွေ ဆီကနေပဲ မှောင်ခိုဝင်တာပဲ ရှိမှာပါ။ ဘာလို့ဆို သူတို့ဂိတ်တွေ ဖြတ်ပေးပြီးမှ ဒီဘက်ရောက်တာ ဆိုတော့လေ၊ မှောင်ခိုလမ်းတွေဆိုတော့ ပိုက်ဆံတွေပေးရတဲ့အတွက် ကုန်ဈေးနှုန်းတွေကိုဝောာ့ ရိုက်ခတ်မှုရှိတာပေါ့ဗျာ” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီက တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေတွေကို စက်သုံးဆီ တင်ပို့ရောင်းချတယ်ဆိုပြီး စွပ်စွဲချက်နဲ့ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူစစ်ဆေးရေးဂိတ်အနီး ဒေသခံ ၁၇ ယောက်ကို ဖမ်းဆီးခဲ့တဲ့အပြင် စက်သုံးဆီ ဂါလံ ၆၀,၀၀၀ ကျော်နဲ့ ဆီသယ်ယာဉ် ၂၂ စီးကို သိမ်းဆည်းခဲ့ပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013