Home
မြန်မာသတင်း
ဖားကန့်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ 
DVB
·
August 8, 2025

ကချင်ပြည်နယ်၊ ဖားကန့် တပ်မကုန်းကနေ စစ်တပ်က ဩဂုတ် ၅ ရက် ည ၆ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်တာကြောင့် အရပ်သားပြည်သူ ၃ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့ခံတယောက်က “ည ၆ နာရီကျော်လောက်မှာ တပ်မကုန်းကနေ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်လို့ ရှရော်ခကျေးရွာမှာ နေအိမ် ၂ လုံး မီးလောင်ကျွမ်းသွားတယ်။ လက်နက်ကြီးထိလို့ ရှရော်ခ ရွာသားတယောက် သေတယ်။ ပြီးတော့ ည ၆ နာရီကျော် ဝန်းကျင်မှာပဲ ယူမာကျေးရွာ စည်ပင်ရပ်ကွက်မှာလည်း လက်နက်ကြီးကျလို့ ဒေသခံ ၂ ယောက် သေဆုံးခဲ့တယ်။ ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်” လို့ ပြောပါတယ်။

ဩဂုတ် ၄ ရက် မနက်ပိုင်းမှာလည်း စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မျောက်ဖြူ၊ ဆန်းကြွယ်နဲ့ ရှရော်ခ ကျေးရွာတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ၃ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း အသက် ၁၀ နှစ်နဲ့ ၁၁ နှစ် ကလေး ၂ ယောက် အပါအဝင် ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ်ထဲ စစ်ကြောင်းတွေခွဲပြီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ KIA၊ KPDF ပူးပေါင်းတပ်တို့ကြား ခုရက်ပိုင်းအတွင် တိုက်ပွဲပြင်းထန်နေပြီး ဖားကန့် တပ်မကုန်းကနေလည်း လက်နက်ကြီးတွေ တောက်လျှောက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “နေ့ခင်း ၂ နာရီကျော်လောက်ကစပြီး ညောင်ပင်ကုန်းမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်တယ်။ စကစဘက်က အထိအခိုက်များတယ်လို့ သိရတယ်။ တပ်မကုန်းကလည်း တောက်လျှောက် လက်နက်ကြီးပစ်နေတာ။ သူတို့ဘက်က ထိတာများတော့ လက်နက်ကြီး တောက်လျှောက်ပစ်နေတာ။ ဒီမနက်လည်း တပ်မကုန်းက လက်နက်ကြီး တောက်လျှောက်ပစ်နေတယ်။ စစ်တပ်က ပြည်သူတွေနေတဲ့ ရွာတွေ၊ ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး သတ်ဖြတ်နေတာ။ သူတို့ ဖားကန့်ကို ဝင်လာကတည်းကဆိုရင် အခု အရပ်သား သေဆုံးတာ ၆၀ ကျော်ပြီး ဒဏ်ရာရတာလည်း ၁၀၀ ကျော်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့စစ်ကြောင်း ဖားကန့် လုံးခင်းမြို့နယ်ထဲ ဝင်ရောက်လာကတည်းက စစ်ကြောင်းတလျှောက် ပစ်သတ်တာ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေကြောင့် ပြည်သူ ၆၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်စစ်ကြောင်း ဖားကန့်မြို့နယ်ထဲ ဝင်ရောက်လာကတည်းက ကျေးရွာ ၁၀ ရွာကျော် စစ်ဘေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေကြပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မေလကုန်းပိုင်း လဝါး-ကားမိုင်း လမ်းကြောင်းကနေ စစ်ကြောင်းတွေ ထိုးဝင်ရောက်လာတဲ့ စစ်တပ်က ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲမှာ ဝင်ရောက်လာတဲ့ နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ KIA တပ်တွေကြား စစ်ရေးတဖန် တင်းမာနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013