
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ကျင်းပနေတဲ့ တောင်ပြုန်းပွဲတော်နဲ့ မနီးမဝေးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လေယာဉ်တွေလည်း ဝဲပျံနေတဲ့အတွက် ပွဲတော်ကို လူဝင်ရောက်မှု နည်းပါးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပွဲတော် ကျင်းပနေတဲ့ ၄-၅ မိုင်အကွာဝေးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်သားတွေကလည်း လုံခြုံရေးအပြည့် ယူထားတာ တွေ့နေရပြီး ပွဲတော်ကို လာခဲ့ရပေမယ့် လုံခြုံမှု မရှိတော့ဘူးလို့ ပွဲကို ရောက်ရှိနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။
ပစ်ခတ်သံတွေကလည်း ပွဲတော်ထဲကနေ ကြားနေရပြီး ပွဲတော်ကို ဝင်ရောက်မှုမှာလည်း အရင်ကထက်စာရင် ၈၀ ရာခိုင်နှုန်းလောက် လျော့ကျသွားပြီး အရင်က လူ ၁၀၀ လောက် လာတယ် ဆိုရင် အခုက ၂၀ လောက်ပဲ လာတော့တယ်လို့ ဆိုပါတယ်။
တောင်ပြုန်းပွဲဟာ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ပွဲတော်တွေထဲက တခုဖြစ်ပြီး တောင်ပြုန်းရွာရဲ့ တောင်ပြုန်းနတ် မင်းနှစ်ပါးကို နှစ်စဉ် ပူဇော်ပသတဲ့အနေနဲ့ ကျင်းပကြတာ ဖြစ်ပါတယ်။
နှစ်စဥ် ပွဲတော်ကိုလာသူတွေနဲ့ အမြဲစည်ကားနေပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း သွားရောက်သူ နည်းပါးသွားတယ်လို့ သိရပါတယ်။
တောင်ပြုန်းပွဲတော်ကို နှစ်စဥ် ဝါခေါင်လဆန်း ၈ ရက်ကနေ ၁၀ ရက်အထိ ကျင်းပတာလည်း ဖြစ်ပါတယ်။