
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲတိုက်ပွဲကြောင့် လက်နက်ကြီး ထိမှန်ပြီး ဒေသခံ ၃၀ ကျော် ဒီနေ့ သြဂုတ် ၂၁ ရက်မှာ လားရှိုးဆေးရုံကို ရောက်လာတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ကျောက်မဲမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပြီး နောင်ပိန်ရွာသား ၃၄ ဦး လက်နက်ကြီထိမှန်လို့ လားရှိုးဆေးရုံကို ရောက်လာတာလို့ သိရပါတယ်။
ကူညီပေးနေသူတယောက်က “လားရှိုးဆေးရုံကြီး အရိုးဆောင်နဲ့ ခွဲစိတ်ဆောင်မှာ ရောက်နေတယ်။ ဗုံးဆန်ထိတာ” လို့ DVB ကို ပြောပါတယ်။
လက်နက်ကြီး ထိမှန်သူတွေထဲမှာ ကိုရင်ငယ်တွေ၊ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ ပါဝင်ပြီး မနက်ပိုင်း ၂၃ ယောက်နဲ့ နေ့လယ်ပိုင်းမှာ ၁၁ ယောက် လားရှိုးဆေးရုံကို ရောက်လာတာလို့ သိရပါတယ်။
တိုက်ပွဲကြောင့် နောင်ပိန်ရွာကနေ လားရှိုးကို စစ်ရှောင်လာတဲ့ အရပ်သား ၇၀ ကျော် ရှိလာပြီဖြစ်ပြီး စားသောက်ရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ကျောက်မဲမြို့ကို ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် TNLA တပ်တွေနဲ့ တိုက်ပွဲဆက်ဖြစ်နေတာ ဖြစ်ပါတယ်။