Home
မြန်မာသတင်း
ကော့သောင်းတွင် စစ်တပ်နှင့်  ရဲစခန်း တပြိုင်တည်း တိုက်ခိုက်ခံရ
DVB
·
August 18, 2025

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်း‌ကျေးရွာမှာ စစ်ကောင်စီတပ်ရင်းနဲ့ ရဲစခန်းတို့ကို တပြိုင်နက်တည်း သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ကားနဲ့ တင်‌ဆောင်သွားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။

မလိဝမ်းကျေးရွာအခြေစိုက် အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနဲ့ ရဲစခန်းတို့ကို သြဂုတ် ၁၂ ရက် မနက် ၂ နာရီခွဲခန့်က အင်အား ၂ ဖွဲ့ ခွဲပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

အနီးကပ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရတဲ့ တပ်သားတွေရှိကာ တိုက်ပွဲငြိမ်သက်ပြီး မနက် ၅ နာရီဝန်းကျင်မှာ ကားတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို တင်ဆောင်သွားတယ်လို့ ကော့သောင်းမြို့နယ်ပကဖအဖွဲ့ရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

“သူတို့တွေ စခန်းမှာ အိပ်နေတယ်ဆိုပြီး သတင်းရလို့ အလစ်ငိုက်တိုက်တာပါ။ ထိခိုက်မှုမှာ စစ်တပ်က ပိုများတယ်၊ မနက်အစောကြီး ကားနဲ့တင်ပြီး ကော့သောင်းဘက် ထွက်သွားတယ်။ ထိခိုက်မှုရှိတယ်။ ဘယ်နှဦး သေဆုံး၊ ထိခိုက်သူ ဘယ်လောက်ရှိလဲ မသိနိုင်ဘူး။ ရနောင်းဘက်ကို ဆေးကုဖို့ ခေါ်သွားတဲ့ ၄ ဦးမှာ ၂ ဦးသေတယ်ဆိုပြီး ကြားရတယ်။”

တိုက်ပွဲအတွင်း တော်လှန်‌ရေးတပ်ဖွဲ့ဘက်က ရဲဘော်တယောက် ထိခိုက်ဒဏ်ရာရသွားပြီး မစိုးရိမ်ရဘူးလို့ သိရကာ စစ်တပ်ဘက်က ရဲအရာရှိတယောက်နဲ့ တခြား ထိခိုက်သေဆုံးသူတွေ ရှိနိုင်တယ်လို့ ဆိုကာ အတိအကျ အတည်ပြုလို့ မရနိုင်သေးဘူးလို့ ပြောပါတယ်။

“လက်နက်ကြီးတွေ ကျနော်တို့ ပစ်ထားတာလည်း အများကြီးရှိတယ်။ ကျနော်တို့ဘက်က ဒဏ်ရာရ (မစိုးရိမ်) ရတဲ့ ရဲဘော်တယောက်ပဲ ရှိတယ်။ ရဲအရာရှိတဦးက နောက်တရက်မှာ စခန်းမှာ လုံးဝ မတွေ့ရတော့ဘူး။”

တိုက်ခိုက်မှုကြောင့် ခမရ ၅၈၂ တပ်နဲ့ ရဲစခန်းတွေက အ‌ဆောက်အအုံ၊ ဘန်ကာတွေအပြင် ကားတွေမှာပါ ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့တယ်လို့ မြို့နယ်တာဝန်ခံတယောက်က ဆက်ပြောပါတယ်။

စစ်တပ်ကို သတင်းပေးသူတွေ အပါအဝင် ပြည်သူ့ဘက်က မရပ်တည်တဲ့သူတွေကို တော်လှန်ရေးတပ်ဖွဲ့ဘက်ကနေ လုပ်ထုံးလုပ်နည်းအရ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013