မြိတ်-ပုလောကားလမ်းမကြီးပေါ်က ပလမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲ ၉ ကြိမ်အထိ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အယောက် ၅၀ ကျော်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ဩဂုတ် ၁၆ ရက် ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ပလမြို့ကို စီးနင်းဝင်ရောက်လာပြီးနောက် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေဖြစ်လို့ အရပ်သားပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲ ၉ ကြိမ်အထိရှိခဲ့ပြီး စစ်တပ်ဘက်က သေဆုံးသူအများအပြားရှိပြီး ကျန်ခဲ့တဲ့အလောင်းတွေကိုလည်းတွေ့ရှိရသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။
“တိုက်ပွဲထဲမှာပါတဲ့ ရဲဘော်တွေရဲ့ပေးပို့တဲ့အချက်အလက်တွေနဲ့ ရရှိတဲ့အလောင်းတွေ၊ ပြီးတော့ စိတ်ချရတဲ့ အရင်းအမြစ်ကနေ ပြန်လည်အတည်ပြုပေးတာတွေရှိပါတယ်။ အခုလ ၁၂ ရက်နေ့တုန်းက ပလဘက်ကို လေကြောင်းတိုက်ခိုက်မှုတကြိမ်ရှိတယ်။ ဒီ ၁၆ ရက်နေ့မနက်တုန်းကလည်း သူတို့ဘက်ကနေ လက်နက်ကြီး ၇ လုံး၊ ၈ လုံးလောက် လမ်းမကြီးဘက် ပစ်ချတာတွေရှိတယ်။ လက်ရှိ သူတို့ဘက်က အင်အားထပ်ဖြည့်နေတာရှိတော့ တိုက်ပွဲထပ်ဖြစ်နိုင်ဖို့များတယ်”
စစ်ကောင်စီဘက်က သေဆုံးသူ ၅၃ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၄၈ ယောက်အထိ ရှိခဲ့တာကို ရရှိထားတဲ့အချက်အလက်တွေအရ သိရတယ်လို့ ဆိုပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က PDF ၁ ယောက်နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO) ရဲဘော် ၁ ယောက်တို့ ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၉ ယောက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ၁၁ ကြိမ်နဲ့ ရေတပ်ကနေ ၂၆ ကြိမ်အထိ တိုက်ခိုက်ခဲ့သလို အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၈ ယောက် သေဆုံးပြီး သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
တိုက်ပွဲတွေကြောင့် ပလမြို့နဲ့ အနီးတဝိုက်ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်စားနပ်ရိက္ခာလိုအပ်တဲ့ ပြည်သူပေါင်း ၃,၀၀၀ ကျော်ရှိတယ်လို့ စစ်ရှောင်နေရသူတွေဆီက သိရပါတယ်။