
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ရွာနားမှာ ဩဂုတ် ၁၄ ရက်က စစ်တပ်ရဲ့ တပ်မ ၉၉ လက်အောက်ခံတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က အယောက် ၂၀ သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဩဂုတ် ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မိနစ် ၃၀ ကျော်ကြာ တိုက်ပွဲအတွင်း သေဆုံးသူ စစ်သားရုပ်အလောင်း ၂၀ နဲ့အတူ စစ်အသုံးအဆောင် ပစ္စည်း၊ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အေအေက ရုပ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ပါတယ်။
ငဖဲမြို့နယ်ထဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
AA နဲ့ မြန်မာစစ်တပ်တို့ကြား နှစ်ဖက်အပြန်အလှန် တိုက်ပွဲတွေဖြစ်ပွားနေတာ အချိန် ၁ နှစ်နဲ့ ၉ လကျော်ကြာနေပြီဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်၊ ရခိုင်နဲ့ ပဲခူးတိုင်းအစပ်၊ ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ်တို့မှာ ဒီကနေ့အထိ နေ့တိုင်းလိုလို တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။