
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အရှေ့ဘက်၊ ကျောက္ကာမြောက်ရွာအနီးမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ဩဂုတ် ၉ ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး သုံ့ပန်း အပါအဝင် လက်နက်ခဲယမ်းနဲ့ ကား၊ ဆိုင်ကယ်တို့ကို PDF က သိမ်းဆည်းရမိခဲ့တယ်လို့ ဘုတလင်တပ်ပေါင်းစု တာဝန်ရှိသူထံကနေ သိရပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းဟာ ဩဂုတ် ၈ ရက်က စတင်ကာ ဩဂုတ် ၁၄ ရက်အထိ မုံရွာမြို့အရှေ့ဘက်ကို စစ်ကြောင်းထိုးလာရင်း အခုလိုတိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းတာဝန်ရှိသူ ကိုကြွက်ကလေးက “ကျနော်တို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း အနေနဲ့ အရာတော်မြို့နယ်နဲ့ မုံရွာမြို့နယ်ဘက်ကို မဟာမိတ် ပူးပေါင်းတပ်တွေနဲ့အတူ မုံရွာ နမခက ထွက်လာတဲ့ စစ်ကားတန်းနဲ့ ခြေလျင်(--)စစ်ကြောင်းကို မုံရွာခရိုင်ကွပ်ကဲရေးမှူးရဲ့ ကွပ်ကဲမှုနဲ့ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်ဗျ။ အဲဒီတိုက်ပွဲမှာ စစ်သုံ့ပန်းတဦး၊ MA1 တလက်၊ ကျည်ဘောက် ၄ ဘောက် ၅.၅၆ ကျည် ၈၂ တောင့်နဲ့အတူ စစ်(-)များ ပြည်သူများထံကနေ သိမ်းဆည်းထားတဲ့ ၁၂ ဘီးကားတစီး၊ FZ ဆိုင်ကယ်တစီးတို့ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့တယ်ဗျ။ စစ်(--)တွေ အထိအခိုက် သေဆုံး အများအပြားရှိပြီး စစ်ရေးအခြေအနေက တင်းမာနေဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းနဲ့အတူ အရာတော်မြို့နယ် ပကဖ အဖွဲ့၊ အရာတော်တိုက်နယ် ၉၊ ၁၀၊ ၁၁ အဖွဲ့များ၊ မုံရွာခရိုင် ဗျူဟာ ၆၆၊ PLA တပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်ဖွဲ့၊ မုံရွာမြို့နယ် ပကဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထနောင်းဝင်ကျေးရွာက အမျိုးသမီးတယောက်က “ဩဂုတ်လ ၈ ရက်နေ့ကစပြီး ရွာကနေ ထွက်ပြေးခဲ့ရတယ်။ စစ်ကြောင်းက ကျောက္ကာရွာထဲ ရှိသေးတယ်။ တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတာပဲ။ ညပိုင်း ၉ နာရီဆို အချိန်မှန်ပဲ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ညတိုင်းလိုလို ရမ်းသန်းပစ်တယ်။ ဘယ်ကနေပစ်လဲဆိုရင် မုံရွာ စီးပွားရေးတက္ကသိုလ်ထဲကနေရော၊ ကျောက်စစ်ပုံ အမြောက်တပ်ကနေရော ပစ်တာ။ ဘယ်ပြေးလို့ ပြေးရမှန်းတောင် မသိတော့ဘူး” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းနဲ့ ၄ ရက်ဆက်တိုက်၊ ၉ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။