Home
မြန်မာသတင်း
တောင်ပြိုလက်ဝဲအနီး AA နှင့် ARSA တိုက်ပွဲဖြစ်  
DVB
·
August 13, 2025

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးအနီးမှာ အာရက္ခတပ်တော် (AA) နဲ့  ရိုဟင်ဂျာ လက်နက်ကိုင်တပ် (ARSA) တို့အကြား ဩဂုတ် ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့အနီးမှာရှိတဲ့ အာရက္ခတပ်တော်ရဲ့ တပ်စခန်းတချို့ကို ARSA အဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိတယ်လို့ မောင်တောမြို့နယ် မြောက်ပိုင်းက ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။

“ဩဂုတ်လ ၁၀ နဲ့ ၁၁ ရက်တို့မှာ တောင်ပြိုမြို့အနီးမှာရှိတဲ့ နယ်စပ်စခန်းတချို့ကို ARSA က တိုက်ခိုက်ခဲ့တာရှိတယ်။ တိုက်ပွဲတွေက ညအချိန်တွေမှာ ဖြစ်ကြတာ။ နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ သိရတယ်။ အသေးစိတ် အချက်အလက်တွေတော့ ကျနော်တို့လည်း မသိဘူး။ လက်ရှိမှာတော့ AA ဘက်က ရှင်းလင်းရေးတွေလုပ်နေတယ်။”

မောင်တောမြို့နယ် မြောက်ပိုင်းမှာ ARSA အဖွဲ့က အာရက္ခတပ်တော်ရဲ့ တပ်စခန်းတွေနဲ့ ကင်းလှည့်သွားလာမှုတွေကို မကြာခဏ ချုံခိုတိုက်ခိုက်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၁ ရက်ကလည်း မောင်တောမြို့နယ်၊ ခရားတန်းကျေးရွာက ဒေသခံ ၂ ယောက်ကို ARSA အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးပြီး နောက်ထပ် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေနဲ့ ဘင်္ဂလားနယ်စပ်ကို အခြေပြု စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး ဘူးသီးတောင်၊ မောင်တော မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့အတူ ပူးပေါင်းပြီး AA ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ ARSA ရဲ့ အန္တရာယ်ဟာ အလွန်ကြီးမားလာတာကြောင့် AA အနေနဲ့ ထိရောက်တဲ့ ရှင်းလင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ နောက်ထပ် မောင်တောဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“မောင်တောဒေသမှာက ARSA အန္တရာယ်က အတော်‌လေးကို စိုးရိမ်စရာ ဖြစ်လာတယ်။ အထူးသဖြင့် မောင်တောမြောက်ပိုင်းပေါ့။ ကုန်သည်တွေလည်း သွားလာဖို့ကအစ စိုးရိမ်မှု ရှိလာကြတယ်။ AA အနေနဲ့ ARSA တွေကို ထိထိရောက်ရောက် ရှင်းလင်းပေးဖို့ လိုအပ်တယ်။”

ARSA လက်နက်ကိုင်တွေဟာ အာရက္ခတပ်တော်ကို တိုက်ခိုက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ လူသစ်စုဆောင်းနေတယ်လို့ နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က ဇွန် ၁၈ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024