ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲဖြစ်လို့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် အယောက် ၂၀ သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက်ကိုလည်း ဖမ်းဆီးရမိတယ်လို့ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က သြဂုတ် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
သြဂုတ် ၆ ရက်ကနေ ၇ ရက်နေ့အထိ ဆီဆိုင်မြို့နယ်၊ ကောင်ထိုရွာကို အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ အမှတ် ၁၀၀၅ တပ်ရင်းအပါအဝင် မဟာမိတ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၁၀၀၅ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက “စစ်သုံ့ပန်းကို လုံခြုံတဲ့နေရာမှာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်ဗျ။ လောလောဆယ်တော့ ဘာထိတွေ့မှု ဖြစ်မနေပါဘူး” လို့ ပြောပါတယ်။
စစ်သုံ့ပန်းကို လက်နက်ငယ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေအဆမတန်အသုံးပြုထိုးစစ်ဆင်တာကြောင့် တော်လှန်ရေးရဲဘော် ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဆီဆိုင်က နောင်ကျောနဲ့ တောင်ရှေ့ကျေးရွာတို့ကိုလည်း သြဂုတ် ၆ ရက်နေ့က စစ်ကြောင်းထိုးလာလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အင်အားမမျှလို့ လက်လွှတ်ရချိန် ကျေးရွာထဲကနေအိမ်တွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၂၄ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကြောင်းကြောင့် ပြည်သူ ၂,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး စားဝတ်နေရေးအတွက် အခက်အခဲတွေရှိနေပါတယ်။