Home
မြန်မာသတင်း
စစ်ကောင်စီ ဒရုန်းကြောင့် ဖရူဆိုက စစ်ရှောင် ၁ ဦးသေဆုံး
DVB
·
August 30, 2025

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင် အမျိုးသား ၁ ယောက် သေဆုံးခဲ့ရတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက အတည်ပြုပါတယ်။

သြဂုတ် ၂၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ဖရူဆို စစ်ရှောင်ပြည်သူတွေရှိရာ စခန်းအနီးကို စစ်တပ်က ဒရုန်းနဲ့ ဗုံး ၂ လုံး ကြဲချိန် ဒုတိယမြောက်ဗုံးက တဲအိမ်ပေါ်ကျတာကြောင့် အသက် ၅၀ အရွယ် အမျိုးသား သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

IEC အတွင်းရေမှူး ၂ ဦးဗညားက “စစ်ရှောင်စခန်းကို ကြဲတာ ၂ လုံး၊ ပထမ ၁ လုံးက မကွဲဘူး နောက် ၁ လုံးက အိမ်ပေါ်တည့်တည့်ကျပြီးတော့ ဆုံးသွားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေ သြဂုတ် ၂၅ ရက် ဖရူဆိုမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အထိနာတယ်လို့ ကနဦးသိရပါတယ်။

စစ်တပ်ရဲ့ ဖရူဆိုအခြေစိုက် အမှတ် ၁၄ တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ ခမရ ၅၃၁၊ ခလရ ၄၂၈ စတဲ့ တပ်စခန်း​တွေမှာ ဇူလိုင်လလောက်စပြီး လေကြောင်းကနေ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းတာရှိတယ်လို့ သိရပါတယ်။

ဖရူဆို အခြေစိုက်စခန်းတွေကို လက်နက်ခဲယမ်း၊ ရိက္ခာတွေဖြည့်တင်းပြီး ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေ နေထိုင်တဲ့နေရာကိုလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ပြည်သူတွေ ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ သြဂုတ်လထဲ ထိတွေ့တိုက်ပွဲဖြစ်တာတွေရှိနေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013