
“နိုင်ငံသားတယောက်အနေနဲ့ တာဝန်ကျေရမှာပေါ့”လို့ ပြောလာတာက စင်ကာပူနိုင်ငံမှာ ဆယ်စုနှစ်အကြာ ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ ကိုမောင်(အမည်လွှဲ) ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ နောက်ဆုံးအပတ်ကစလို့ အပိုင်းလိုက်လုပ်မယ့် အာဏာသိမ်း စစ်တပ်ရဲ့ ရွေးကောက်ပွဲအတွက် ပြည်ပရောက်သူတွေ ကြိုတင်မဲပေးနိုင်ရေး ကိုယ်ရေးအချက်အလက် ပုံစံ-၁၅ ဖြည့်ဖို့ စစ်အုပ်စုက ကြေညာတဲ့အပေါ် ကိုမောင်က သူ့ဆန္ဒသဘောကို ထုတ်ပြောလာတာ ဖြစ်ပါတယ်။
သူ့အနေနဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွေမှာ စင်ကာပူနိုင်ငံကနေပဲ ကြိုတင်ဆန္ဒမဲပေးခဲ့ရသူ ဖြစ်သလို အခုတဖန် ကြုံရဖို့ ဖြစ်လာတာပါ။
“အရင်က နိုင်ငံသားတယောက်အနေနဲ့ မဲပေးတာ၊ အခုက နိုင်ငံကို ဒုက္ခပေးနေတဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆန့်ကျင်မှာ၊ ဒါက ကိုယ်လုပ်ရမယ့် တာဝန်တခုလို့ မြင်တယ်” လို့ ကိုမောင်က ဆက်ပြောပါတယ်။
ကိုမောင်အနေနဲ့ အရင်ရွေးကောက်ပွဲတွေမှာ ကိုယ်တိုင် မဲပေးခဲ့ရုံတင်မကဘဲ သူ့လို ရေခြားမြေခြားမှာ ကြိုတင်မဲပေးကြမယ့်သူတွေကို ကူညီပေးတာ၊ မဲသွားပေးဖို့ စည်းရုံး လှုံ့ဆော်တာမျိုးနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီလို ပြည်ပရောက် ကြိုတင်မဲပေးဖို့ အားတက်တရော ရှိခဲ့တဲ့အထဲ ယူအေအီးနိုင်ငံရောက် မမေ(အမည်လွှဲ)လည်း ထိပ်ဆုံးက ပါဝင်ခဲ့သူပါ။
သံရုံးမရှိလို့ ကြိုတင်မဲပေးဖို့ ခက်ခဲတဲ့ ယူအေအီးရောက် မြန်မာနိုင်ငံသားတွေ အလွယ်တကူ မဲပေးခွင့်ရအောင် တခုတ်တရ ကြိုးစားခဲ့ကြတဲ့သူတွေထဲမှာ မမေလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီလို ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်ဖို့ စိတ်အားထက်သန်ခဲ့တဲ့ မမေက စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခါးခါးသီးသီးကို တုံ့ပြန်ပါတယ်။
“အရင်က ဒီမှာ သံရုံးမရှိတာတောင် ကြိုးစားပြီး မဲပေးခဲ့ကြတာ။ အခု သံရုံးရှိလာသည့်တိုင်အောင် ဘယ်သူကမှ သံရုံးနဲ့ မပတ်သက်ချင်ကြဘူးလေ”
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မမေနဲ့ ကိုမောင်တို့လို ကြိုတင်မဲပေးဖို့ တက်ကြွခဲ့ကြတဲ့ ပြည်ပရောက် မြန်မာတွေ များစွာရှိခဲ့တာကို မှတ်တမ်းတွေက သက်သေခံနေပါတယ်။
သက်ဆိုင်ရာ သံရုံးတွေမှာ မဲရုံစဖွင့်ပြီဆိုတာနဲ့ မဲပေးဖို့ စုဝေးရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား များစွာရဲ့ စိတ်အားတက်ကြွပုံကို ဆိုင်ရာနိုင်ငံသားတွေပါ အံ့အားသင့်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
မဲပေးနိုင်ဖို့ သံရုံးရှေ့မှာ ညကတည်းက စောင့်နေသူတွေ၊ သံရုံးရှိရာကို ရထားတတန်၊ ကားတတန်နဲ့ နာရီပေါင်းများစွာ စီးနင်းပြီး မဲလာပေးသူတွေနဲ့ ရွေးကောက်ပွဲ မျက်နှာပန်းလှခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးခဲ့တဲ့ တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “အဲဒီတုန်းကတော့ သူငယ်ချင်းတွေစုပြီး ကားစင်းလုံး ငှားသွားကြတာ၊ အလုပ်လည်း ပျက်တယ်၊ ဒါပေမဲ့ ပျော်တယ်” လို့ ပြောပါတယ်။
“အခုတော့လား၊ နေစမ်းပါ” လို့ သူက ဆက်ပြောပါတယ်။
ပြည်ပရောက် မြန်မာတွေရဲ့ ကြိုတင်မဲပေးမှုမှာ ၂၀၁၀ ရွေးကောက်ပွဲထက် ၂၀၂၀ မှာ တရှိန်ထိုး မြင့်တက်သွားခဲ့တာကို ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။
နိုင်ငံပေါင်း ၄၀ လောက်က မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံးတွေမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်ဆန္ဒမဲပေးသူ ၃ဝ,ဝဝဝ လောက် ရှိခဲ့တာ ဖြစ်ပါတယ်။
NLD ပါတီ အာဏာရပြီးလုပ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပြည်ပရောက် မြန်မာတွေရဲ့ စိတ်ဝင်စားမှုက မြင့်တက်ခဲ့ပြီး ကြိုတင်ဆန္ဒမဲပေးသူ ၁ သိန်းကျော် ရှိလာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ တကမ္ဘာလုံး ကိုဗစ်ကပ်ရောဂါ အန္တရာယ်ကြားက ခက်ခက်ခဲခဲလုပ်ရတာ ဖြစ်ပေမဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲရဲ့ ပြည်ပရောက် ကြိုတင်မဲစပေးခွင့်ရတဲ့နေ့မှာတင် မဲပေးသူ ၁၅,၀၀၀ လောက် ရှိခဲ့တာကြောင့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတောင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ကျေးဇူးတင်တဲ့အကြောင်း ထုတ်ပြောခဲ့ပါတယ်။
“ဒါက နိုင်ငံအတွက် အင်မတန်သိက္ခာရှိတဲ့ ကိစ္စဖြစ်ပါတယ်” လို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ တက်ကြွစွာ မဲပေးတာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
အဲဒီအခြေအနေရဲ့ အချိန်ကာလအားဖြင့် ၅ နှစ်လောက်အကြာမှာ စစ်တပ်က ရွေးကောက်ပွဲလုပ်ဖို့ ပြင်လာပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ အားတက်သရော ပေးခဲ့တဲ့ မဲတွေကို အလေးမထားဘဲ အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်က သူတို့လုပ်မယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ တဖန် သိမ်းသွင်းလာပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲအပေါ် အရင်ဆုံး ထိတွေ့ခွင့်ရမှာက ပြည်ပရောက် မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပေါ် လူထုစိတ်ပါဝင်စားမှု အခြေအနေကို ပြည်ပရောက် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အရင်ဆုံး အကဲခတ်လေ့ရှိတာပါ။
ဒါကြောင့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆန့်ကျင်ဖို့ အခွင့်အရေးကို ပြည်ပရောက် မြန်မာနိုင်ငံသားတွေက လက်ဦးမှုရရှိမှာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုအနေနဲ့က မဲပေးသူဦးရေထက် ရွေးကောက်ပွဲဖြစ်ဖို့သာ အဓိကလို့ ထွက်ဆိုထားတာ ရှိပါတယ်။
ပြည်သူတွေ အားတက်သရော ပါဝင်မဲပေးတာ မရှိခြင်းနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဂုဏ်သိက္ခာ ကျဆင်းစေနိုင်စွမ်းတော့ ရှိနေပါတယ်။
“ပြည်သူပါဝင်မှုမရှိတဲ့ ရွေးကောက်ပွဲ ဆိုတာကို သိအောင်တော့ ပြနိုင်ရမယ်” လို့ ကိုမောင်က ပြောပါတယ်။
မင်းမခ