Home
မြန်မာသတင်း
စစ်ကောင်စီက အမေရိကန်လော်ဘီ ကုမ္ပဏီကို တလ ဒေါ်လာ ၆၀,၀၀၀ ပေးပြီး ငှားရမ်းထား
DVB
·
August 29, 2025

စစ်ကောင်စီက အမေရိကန်အခြေစိုက် လော်ဘီကုမ္ပဏီ DCI Group ကို တနှစ် အမေရိကန် ဒေါ်လာ ၃ သန်းပေးပြီးငှားရမ်းထားသလို PR ကုမ္ပဏီဖြစ်တဲ့ McKeon Group ကိုလည်း တလ အမေရိကန် ဒေါ်လာ ၆၀,၀၀၀ ပေးပြီး ၆လ စာချုပ်ထားတယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးဆောင်ရွက်သူ ဂျိမ်းစ်ရွှေက ပြောပါတယ်။

McKeon Group နဲ့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနတို့ ချုပ်ထားတဲ့စာချုပ်မှာ ဩဂုတ် ၁ ရက်နေ့ရက်စွဲနဲ့ နှစ်ဖက်လက်မှတ်ထိုးထားတာပါ။

လော်ဘီနဲ့ PR လုပ်ငန်းဆက်စပ် သတင်းစာတစောင်မှာ ဒီအချက်အလက်တွေပါလာတာဖြစ်ပြီး ကုမ္ပဏီ ၂ ခုစလုံးဟာ အာဏာရ ရီပါဘလစ်ကန်ပါတီနဲ့ နီးစပ်သူတွေ ဦးဆောင်နေတာဖြစ်ပါတယ်။

DCI Group နဲ့ McKeon Group ကုမ္ပဏီ ၂ ခုစလုံးကို စစ်ကောင်စီက ဩဂုတ် ၁ ရက်မှာ တပြိုင်တည်းလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက သူလုပ်ရမယ့်အလုပ်ကို စနစ်တကျလုပ်နေတာဖြစ်တယ်လို့ ဂျိမ်းစ်ရွှေ ကမှတ်ချက်ပေးပါတယ်။

"တလ ၆၀,၀၀၀ ၊ ၆ လစာချုပ်ထားတာဆိုတော့ အချိန်နဲ့တွက်ကြည့်ရင် စစ်ကောင်စီက သူတို့လုပ်မယ့်အတုအယောင် ရွေးကောက်ပွဲကို အမေရိကန်ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်တာမျိုးဖြစ်မလာအောင် လုပ်ချင်တာလို့မြင်ပါတယ်။"

အမေရိကန်ရောက် မြန်မာ့အရေးဆောင်ရွက်သူတွေကတော့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ၊ မြေပြင်က စစ်ရာဇဝတ်မှုတွေနဲ့ သတ်ဖြတ်မှုတွေ၊ လော်ဘီကုမ္ပဏီငှားရမ်းတာတွေ အပါအဝင် သတင်းအချက်အလက်အသိပေးစာတွေကို အမေရိကန်လွှတ်တော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဆက်တိုက်ပေးပို့နေပါတယ်။

အမေရိကန်နိုင်ငံ၊ အလက်ဇန္ဒရီးယားမြို့အခြေစိုက် PR ကုမ္ပဏီ McKeon Group ဟာ လော်ဘီကုမ္ပဏီ DCI Group နဲ့ လုပ်ငန်းသဘောသဘာဝချင်း သိပ်မကွာပေမဲ့ ရီပါဘလစ်ကန်ပါတီထဲက အရေးပါသူတွေနဲ့ နီးစပ်မှုအပိုင်းတွေမှာ ကွာဟချက်ရှိနိုင်တာကြောင့် သူတို့ကိုချဉ်းကပ်တဲ့နေရာမှာ ယိုပေါက်နည်းအောင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုမ္ပဏီ ၂ ခုငှားတဲ့ အခြေအနေဖြစ်ပါတယ်။

McKeon Group ကို ဟားဝပ်ဒ်မက်ကီရွန်က ဦးဆောင်ပြီး သူ့ရဲ့ဖခင်ဖြစ်သူ ကယ်လီဖိုးနီးယားပြည်နယ် ရီပတ်ဘလစ်ကန်ကွန်ဂရက်အမတ်ဟောင်း ဘတ်ခ်မက်ကီရွန်နဲ့အတူ ကုမ္ပဏီကို တည်ထောင်ခဲ့တာပါ။

McKeon Group ကုမ္ပဏီဟာ လုပ်ငန်းသဘောအရ အမေရိကန်ကွန်ဂရက်လွှတ်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန တို့ကို ဦးတည်ပြီး စစ်ကောင်စီအတွက် ဗျူဟာမြောက် ဆက်သွယ်ရေးတွေကို ပံ့ပိုးပေးရမှာဖြစ်ပါတယ်။

စစ်ကောင်စီက လော်ဘီကုမ္ပဏီတွေငှားပြီး အမေရိကန်အစိုးရကိုချဉ်းကပ်ဖို့ကြိုးစားနေပေမဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီရဲ့ ပြစ်မှုတွေကိုဖော်ပြထားတဲ့ ၂၀၂၄ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာကို ဩဂုတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စာမျက်နှာ ၂၆ မျက်နှာပါဝင်တဲ့အစီအရင်ခံစာမှာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု၊ ကလေးသူငယ်ပါမချန်အစုလိုက်အပြုံလိုက်ဖမ်းဆီးသတ်ဖြတ်မှု၊ အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့အပါအဝင် ရာဇဝတ်မှုတွေကို အချက်အလက်တွေနဲ့ ဖော်ပြထားတာတွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013