
၂၀၂၄ တနှစ်လုံး မျှော်လင့်ချက်တွေနဲ့ အားအင်တွေ ပြည့်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ ၂၀၂၅ နှစ်လယ်လောက်ရောက်လာတဲ့အခါမှာတော့ စိုးရိမ်စိတ်တွေ၊ မေးခွန်းတွေနဲ့ ပြည့်လာသလို ခံစားနေရပါတယ်။ “၁၀၂၇ စစ်ဆင်ရေး” ရဲ့ အောင်ပွဲတွေကြောင့် “ဒီတခါတော့ သေချာပြီ” လို့ ယုံကြည်ခဲ့ကြပေမဲ့ အခုတော့ နောင်ချို၊ မိုးဗြဲ၊ သပိတ်ကျင်းလိုမြို့တွေ ရန်သူ့လက်ထဲ ပြန်ကျသွားတဲ့ သတင်းတွေ၊ အင်ပြည့်အားပြည့်နဲ့ တိုက်ခိုက်လာတဲ့ စစ်အုပ်စုရဲ့ လတ်တလော ထိုးစစ်သတင်းတွေ က ပြည်သူတွေရဲ့ နှလုံးသားကို အေးစက်သွားစေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်သွားရတာလဲ။
ဒီအဖြေကိုရှာဖို့ ကျနော်တို့ဟာ ခါးသီးတဲ့ အမှန်တရားတွေကို ရင်ဆိုင်ရပါမယ်။ ပြဿနာဟာ အတွင်းရော အပြင်မှာပါ ရှိနေတာကို မြင်အောင်ကြည့်ဖို့လိုပါတယ်။
“အတွင်း” မှာ ဘာတွေဖြစ်နေလဲ
“၁၀၂၇ စစ်ဆင်ရေး” ရဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း အရှိန်အကောင်းဆုံးအချိန်ကို ပြန်ကြည့်လိုက်ပါ။ ကိုးကန့်အဖွဲ့ (MNDAA) က PLA၊ BPLA၊ KNDF တို့လို PDF မဟာမိတ်တပ်ဖွဲ့တွေနဲ့ပေါင်းပြီး လားရှိုးကို သိမ်းတယ်။ တအာင်းအဖွဲ့ (TNLA) ကလည်း မန္တလေး PDF၊ ဓနု PDF တွေနဲ့ပေါင်းပြီး သီပေါ၊ ကျောက်မဲ၊ နောင်ချိုကနေ မန္တလေးတိုင်းထဲက မိုးကုတ်၊ မတ္တရာအထိ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့တယ်။ အဲ့ဒီအချိန်က အခြေအနေဟာ နိုင်ငံရဲ့ဒုတိယမြို့တော် မန္တလေးနဲ့ စစ်တပ်ရဲ့ အဓိကကျောရိုးဖြစ်တဲ့ ပြင်ဦးလွင်မြို့ကို တော်လှန်ရေးအင်အားစုတွေ တိုက်ရိုက် ခြိမ်းခြောက်နိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ စစ်ရေးပညာရှင်တွေကတောင် “စစ်တပ် ပြိုလဲနေပြီ” လို့ သုံးသပ်ခဲ့ကြတဲ့ နှစ်ပေါင်း ၇၅ နှစ်အတွင်း တခါမှမရဖူးတဲ့ အခွင့်အလမ်းကြီးတခု ပွင့်လာခဲ့တာပါ။
ဒါပေမဲ့ အဲဒီအခွင့်အလမ်းကြီးဟာ ကျနော်တို့ လက်ထဲကနေ လျှောကျသွားစေခဲ့ပါတယ်။ ဘာကြောင့်လဲ။ အားမနာတမ်း ပြောရမယ်ဆိုရင် အဓိကကတော့ အောင်ပွဲတွေရလာတဲ့အခါ “စုပေါင်းခေါင်းဆောင်မှု” ပျောက်ဆုံးပြီး “ကိုယ်သိမ်းတဲ့နယ်မြေ ကိုယ်ပိုင်” ဆိုတဲ့စိတ်နဲ့ တဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ခဲ့ကြလို့ပါပဲ။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ ဖိအားကို မလွန်ဆန်နိုင်ခဲ့ကြဘူး။ တရုတ်က သူ့အကျိုးစီးပွားအတွက် နယ်စပ်တည်ငြိမ်ရေး ခေါင်းစဉ်အောက်မှာ စစ်ကောင်စီကို အသက်ရှူပေါက်ပေးဖို့ ထိုးစစ်တွေ ရပ်တန့်ခိုင်းတဲ့အခါ မြောက်ပိုင်းကအဖွဲ့တွေက လိုက်လျောခဲ့ကြတယ်။ ဒီလုပ်ရပ်က “ရေစီးကမ်းပြို” ဖြစ်နေတဲ့ စစ်တပ်ကို ပြန်လည်စုဖွဲ့ပြင်ဆင်ဖို့၊ အသက်ဆက်ဖို့ အချိန်အလုံအလောက် ပေးလိုက်သလို ဖြစ်သွားခဲ့ပြီး သမိုင်းဝင်အခွင့်အရေးကြီးတခုကို နာကျင်စွာနဲ့ လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ကိုယ့်ဘက်က အချိန်ပေးလေလေ စစ်တပ်ဘက်က ပိုကြိုက်လေလေ၊ သူတို့ရဲ့ အောင်ပွဲဟာ ပိုနီးကပ်လာလေလေ လို့ပဲ ပွင့်ပွင့်လင်းလင်းပြောပါရစေ။
“အပြင်” က ဖိအားက ပိုဆိုးတယ်
ကျနော်တို့ရဲ့ အကြီးမားဆုံးစိန်ခေါ်မှုက စစ်ကောင်စီရဲ့ နောက်ကွယ်မှာရှိနေတဲ့ တရုတ်နိုင်ငံရဲ့ သွယ်ဝိုက်တဲ့ ပံ့ပိုးမှုပါပဲ။ သာဓက ပေးစရာတွေ အများကြီးထဲက တခုကို ပြောရမယ်ဆိုရင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးက ကြေးနီစီမံကိန်းဟာ အကောင်းဆုံးသက်သေပါပဲ။ အဲဒီစီမံကိန်းဟာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်အစိုးရပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Norinco ရဲ့ လက်အောက်ခံ ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူလုပ်နေတာပါ။
Publish What You Pay အဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တခုတည်းမှာပဲ စစ်ကောင်စီဟာ သတ္တုတူးဖော်ရေးလုပ်ငန်းသုံးခုကနေ အမေရိကန်ဒေါ်လာ ၇၂၅ သန်း ရခဲ့တယ်။ အဲဒီထဲမှာ လက်ပံတောင်းတောင် စီမံကိန်းတခုတည်းကတင် ဒေါ်လာ ၄၁၇ သန်း ပါဝင်တယ်။ ဒီပိုက်ဆံတွေဟာ စစ်ကောင်စီကို အောက်ဆီဂျင်ပေးနေသလိုပါပဲ။
ပိုက်ဆံတခုတည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ အဲဒီ Norinco ကုမ္ပဏီဟာ စစ်တပ်ကို လက်နက်ရောင်းနေတဲ့ ကုမ္ပဏီလည်း ဖြစ်တယ်။ မန္တလေး PDF က တိုက်ပွဲတခုမှာ သိမ်းဆည်းရမိတဲ့ ခဲယမ်းတွေထဲမှာ Norinco ကုမ္ပဏီထုတ် GBP 128 မိုင်းရှင်းလင်းရေးစက် တွေတောင် ပါနေတာက သက်သေပါပဲ။ ဆိုလိုတာက တရုတ်ကုမ္ပဏီက ကျနော်တို့မြေပေါ်က သယံဇာတကိုတူး၊ ရလာတဲ့ အမြတ်နဲ့ စစ်ကောင်စီကို ထောက်ပံ့၊ ပြီးတော့ ပြည်သူကို ပြန်သတ်ဖို့ လက်နက်ပါ ရောင်းပေးနေတဲ့သဘောပဲ။
ဒီစီမံကိန်းကို ကာကွယ်ဖို့အတွက် စစ်တပ်က ဒုန်းတောရွာမှာ ရွာသား ၁၁ ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တယ်။ အခုဆိုရင် အဲဒီစီမံကိန်းဝင်းတခုလုံးဟာ စစ်အခြေစိုက်စခန်းကြီး တစ်ခုလို ဖြစ်နေပြီး အနီးအနားရွာတွေကို စစ်ကြောင်းထိုးဖို့ တပ်ထွက်တဲ့နေရာ ဖြစ်နေပါပြီ။
စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်နဲ့ နိုင်ငံရေးထောင်ချောက်
ဒီလို အတွင်းအက်ကြောင်းထင်ချိန်၊ အပြင်ဖိအားများချိန်ကို အခွင့်ကောင်းယူပြီး မင်းအောင်လှိုင် တပ်ဟာ တန်ပြန်ထိုးစစ်ကြီးတွေ စတင်လာပါပြီ။ ရှမ်းတောင်က “မိုးဗြဲထိုးစစ်”၊ ရှမ်းမြောက်က “နောင်ချိုထိုးစစ်”၊ ကချင်က “ဖားကန့်ထိုးစစ်” နဲ့ စစ်ကိုင်း-မန္တလေးနယ်စပ်က “သပိတ်ကျင်းထိုးစစ်” တွေမှာ ရုရှားနဲ့ တရုတ် ဆီကရတဲ့ ဒရုန်းနည်းပညာအသစ်တွေ၊ အဓမ္မစုဆောင်းထားတဲ့ လူအင်အားအလုံးအရင်းတွေနဲ့ ထိုးစစ်ဆင်လာတာပါ။ ကိုယ့်ဘက်ကလည်း ပြန်လည်ခုခံနေရပေမဲ့ အညာလို စုဖွဲမှု အားနည်း၊ လက်နက်ခဲယမ်းအားနည်းတဲ့ ဒေသမှာ လတ်တလောအချိန်အထိ ကောင်းကောင်းပြန်မခုခံနိုင်သေးပါဘူး။ ဒါဟာ စိတ်ပူစရာပါ။ တော်လှန်ရေးဟာ ၄ နှစ်ကျော် ကြာလာပါပြီ။
စစ်တပ်ဟာ စစ်ရေးအရ ပြန်ထိုးနေသလို၊ တဖက်မှာလည်း နိုင်ငံရေးအရလည်း “ရွေးကောက်ပွဲ” ဆိုတဲ့ ထောင်ချောက်ကို ဆင်နေပါတယ်။ ဒီရွေးကောက်ပွဲကို ကျနော်တို့ဘက်က ဘယ်လောက်ပဲ အတုအယောင်လို့ ပြောပြော၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားတို့လို နိုင်ငံတွေက အသိအမှတ်ပြုမှာပါ။ နောက်ကနေ အာဆီယံ၊ ဂျပန်၊ တောင်ကိုရီးယားတို့ကလည်း လိုက်လာနိုင်ခြေရှိမှာပါပဲ။ အဲဒီအခါကျရင် စစ်ကောင်စီဟာ နိုင်ငံတကာအမြင်မှာ တရားဝင်သယောင်ယောင် ဖြစ်သွားပါလိမ့်မယ်။
လမ်းသစ်ကို ဘယ်လိုဖောက်ကြမလဲ
ဒီအခြေအနေမှာ ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။ ကျနော်တို့ ဆိုတာထက် သက်ဆိုင်သူ ဦးဆောင်အဖွဲ့တွေ ဘယ်လိုလုပ်ကြမှာပါလဲ။ ကျနော်တို့ ပြည်သူဆိုတာ အာဏာအတွက် မဲဆွယ်ရာနဲ့ ရန်ပုံငွေကောက်ခံတဲ့ နေရာတွေလောက်မှာပဲ ရှေ့တန်းတင်ခံရတာပါ။ ဒီစကားပြောရတာ စိတ်မကောင်းပေမဲ့ ပြည်သူကိုသာ တကယ်ရှေ့တန်းတင်ခဲ့ရင် တော်လှန်ရေးဟာ ယခုအချိန်မှာ ပြီးနှင့်နေပါပြီ။ မပြီးတောင် ခရီးအတော်ရောက်ခဲ့လို့ အညာတောင် လွတ်မြောက်နေလောက်ပါပြီ။ ထားပါတော့။ သက်ဆိုင်သူတွေဟာ သူတို့ခင်းတဲ့လမ်းကို မလိုက်ဘဲ ကိုယ့်လမ်းကိုယ်ဖောက်ဖို့ပဲ လိုအပ်ပါတယ်။ ကျွမ်းကျင်သူတွေ သုံးသပ်သလိုပဲ၊ အပြိုင်လုပ်ရမယ့် လုပ်ငန်းစဉ်ကြီးနှစ်ခုရှိပါတယ်။
၁။ စစ်ရေးအရ ပြန်လည်ညီညွတ်မှု - အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက “အထွေထွေထိုးစစ်”လို့ ကြေညာချက်တွေ ထုတ်နေရုံနဲ့ ရန်သူက နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။ တကယ့်လက်တွေ့မြေပြင်မှာ “၁၀၂၇ တတိယလှိုင်း” လိုမျိုး ညှိနှိုင်းထိုးစစ်တွေ အမြန်ဆုံးပေါ်ပေါက်လာအောင် လုပ်ဆောင်ဖို့လိုနေပါပြီ။ ဒါကိုလုပ်နိုင်ဖို့အတွက် အဖွဲ့အစည်းအသီးသီးက “ငါ့နယ်မြေ၊ ငါ့အဖွဲ့” ဆိုတဲ့ အတ္တတွေကို ဘေးဖယ်ပြီး တကယ့် “စုပေါင်းစစ်ရေးခေါင်းဆောင်မှု” ကို အမြန်ဆုံး ပြန်လည်တည်ဆောက်ရပါမယ်။ ဒါမှသာ ရန်သူရဲ့ တန်ပြန်ထိုးစစ်ကို ရပ်တန့်ပြီး တော်လှန်ရေးအရှိန်ကို ပြန်ရနိုင်မှာပါ။ မဟုတ်ရင် အခြေအနေမ ကောင်းနိုင်ပါဘူး။
၂။ နိုင်ငံရေးအရ လက်ဦးမှုပြန်ယူခြင်း - ၂၀၂၀ ရွေးကောက်ပွဲတခုတည်းကိုပဲ ရည်ညွှန်းနေလို့ မရတော့ဘူး။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို အစားထိုးနိုင်မယ့်၊ ပြည်သူလူထုတရပ်လုံးက တရားဝင်အာဏာအပ်နှင်းထားတဲ့ ကိုယ်ပိုင်နိုင်ငံရေးဖြစ်စဉ်ကို ဖန်တီးရပါမယ်။ တနိုင်ငံလုံးက မြို့နယ်၊ ကျေးရွာအဆင့် “အတိုင်ပင်ခံကောင်စီ” တွေဖွဲ့စည်း၊ အဲဒီကနေတဆင့် “အမျိုးသားညီလာခံ” ခေါ်ယူပြီး “ကြားဖြတ်အစိုးရ” တရပ်ကို ဖွဲ့စည်းတည်ထောင်ရပါမယ်။ ဒီလုပ်ငန်းစဉ်ကို “ဘူတာရုံကထွက်ခွာတော့မယ့် ရထား” လို သဘောထားမှဖြစ်ပါမယ်။ အားလုံး အသင့်ဖြစ်တဲ့အထိ မစောင့်ဘဲ အသင့်ဖြစ်တဲ့သူတွေနဲ့ အရင်စထွက်ရမယ်။ နောက်မှလိုက်မယ့်သူတွေအတွက် တံခါးဖွင့်ထားပေးရမယ်။
နိဂုံး (သမိုင်းသင်ခန်းစာနှင့် သတိပေးချက်)
ဒီခရီးက လွယ်တော့ မလွယ်ပါဘူး။ ကျနော်တို့ဟာ စစ်တပ်တခုတည်းကို တိုက်နေရတာ မဟုတ်ပါဘူး။ သူ့နောက်က ကျောထောက်နောက်ခံပေးနေတဲ့ နိုင်ငံကြီးရဲ့ အကျိုးစီးပွားကိုပါ ရင်ဆိုင်နေရတာ။ အတွင်းစည်းလုံးမှုကို အမြန်ဆုံးပြန်တည်ဆောက်ပြီး၊ နိုင်ငံရေးအရ ဦးဆောင်မှုကို ပြတ်ပြတ်သားသား ပြနိုင်မှသာ ကျနော်တို့ ဒီကစားပွဲကို ပြန်ပြီး စိုးမိုးနိုင်မှာပါ။ ဒီလိုမှမဟုတ်ရင် သမိုင်းက ကျနော်တို့ကို သင်ခန်းစာအဟောင်းကိုပဲ ထပ်ပေးပါလိမ့်မယ်။ ၁၉၄၉ ခုနှစ်လောက်ကဆိုရင် ကရင်လက်နက်ကိုင်တပ်တွေဟာ အင်မတန် အခြေအနေကောင်းခဲ့ပြီး ဦးနုအစိုးရကို “ရန်ကုန်အစိုးရ” လို့ ခေါ်ရတဲ့အထိ အောင်နိုင် စိုးမိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ဗမာပြည်ကွန်မြူနစ်ပါတီလို တခြားတော်လှန်ရေးအင်အားစုတွေနဲ့ ညီညွတ်ရေး မတည်ဆောက်နိုင်ခဲ့တဲ့အတွက် အောင်ပွဲနဲ့ လက်တကမ်းအလိုမှာတင် အားလုံးပြိုကွဲပြီး ကတ္တရာလမ်းပေါ်ကနေ တောထဲ ပြန်ဆုတ်ခဲ့ရပါတယ်။
အခုလည်း ကျနော်တို့ဟာ နှစ်ပေါင်း ၇၅ နှစ်အတွင်း တခါမှမရဖူးတဲ့ အခွင့်အရေးကောင်းကြီးကို ရနေချိန်မှာ အဲဒီသမိုင်းဘီးအဟောင်းကို ထပ်နင်းမိလို့ မဖြစ်တော့ပါဘူး။ အောင်ပွဲရဲ့ တကယ့်သော့ချက်ဟာ ရန်သူကို တိုက်တဲ့ လက်နက်ထက်၊ အချင်းချင်းကြားက ညီညွတ်တဲ့လက်တွေပဲ ဖြစ်တယ်ဆိုတာကို သတိချပ်ပြီး လမ်းသစ်ကို အတူတကွ ရှာဖွေဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း။
တင်ဦး
(သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)