
နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်သည် ဒီရေအလား တိုးတက်လာခဲ့သည်မှာ အာဏာလုစစ်အုပ်စုအနေဖြင့် မြို့ပေါင်းများစွာ လက်လွှတ်ရသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။ ယခုအချိန်တွင် အာဏာစစ်အုပ်စုသည် ၎င်းတို့ ရှုံးနိမ့်ခဲ့ရသော ဖြစ်စဉ်များကို ဖာထေးနိုင်ရန် အလျင်အမြန် ကြိုးပမ်းနေ၏။
ပြည်သူများအား အတင်းအဓမ္မ စစ်မှုထမ်းဆောင်စေ၏။ နိုင်ငံပိုင်ရင်းမြစ်များကို အသုံးပြုပြီး ခေတ်မီ စစ်လက်နက်များ ဖြည့်တင်းနေ၏။ ၎င်းတို့ အင်အားစုစည်းမိသည်နှင့် ဆုံးရှုံးခဲ့ရသော ဒေသများကို ပြန်လည်ထိုးစစ်ဆင်၏။
စစ်အုပ်စုသည် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများ၊ ကမ္ဘာ့နိုင်ငံကြီးများ၏ အားပြိုင်မှုများမှနေ၍ အခြေအနေကို ရနိုင်သမျှ အမြတ်ထုတ်နေသည်ကိုလည်း တွေ့ရ၏။
အာရှပစိတ်ဖိတ်ဒေသကြီးအတွင်း တရုတ်နှင့် အမေရိကန်တို့၏ အားပြိုင်မှုများမှာလည်း သိသိသာသာမြင့်တက်နေ၏။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော ဖိလစ်ပိုင်ရေတပ်သင်္ဘောနှင့် တရုတ်ရေတပ် သင်္ဘောနှစ်စင်းတို့၏ ပဋိပက္ခနှင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သော အမေရိကန် ရေတပ်သင်္ဘောနှင့် တရုတ်ရေတပ်သင်္ဘောတို့၏ ပဋိပက္ခများသည် အာရှပစိဖိတ်ဒေသကြီးအတွင်း နိုင်ငံရေးစစ်ရေး အားပြိုင်မှုများ၏ အမှတ်လက္ခဏာများပင်ဖြစ်၏။
အာဏာလုစစ်အုပ်စုသည် ထိုအားပြိုင်မှုများတဆင့် ၎င်းတို့အကျိုးအမြတ်ရရန် ကြိုးစားနေသည်ကိုလည်း တွေ့ရ၏။ စစ်အုပ်စုသည် ၎င်းတို့လိုအပ်နေသော စစ်လက်နက်များ အတွက် တရုတ်ကို အောက်ကျို့ပေါင်းသလို အမေရိကန်၏ ရန်ဘက်လုံးလုံးမဖြစ်ရန်လည်း သတိထားနေ၏။ တရုတ်ကလည်း မြန်မာပြည်အား ၎င်းတို့ဩဇာညောင်းသော အဖွဲ့အစည်းများသာ အုပ်စိုးနေစေရန်အတွက် စစ်အုပ်စုကို ကူညီရန် ဆုံးဖြတ်ထားပုံရ၏။
ဖြစ်ပေါ်နေသောအခြေအနေများမှ အမြတ်ထုတ်ရန်အတွက် အာဏာလုပ်စစ်အုပ်စုသည် ၎င်းတို့၏ နိုင်ငံရေးလှည့်ကွက်ဖြစ်သော ရွေးကောက်ပွဲအတွက် ရနိုင်သမျှ ဒေသတိုင်းကို ၎င်းတို့၏လက်အောက်တွင် ငြိမ်၀ပ်ပိပြားနေစေရန် စီမံလုပ်ဆောင်နေ၏။ လူအင်အား၊ လက်နက်အင်အားအသာဖြင့် ထိုးစစ်ဆင်နေသည်ကိုလည်း တွေ့ရ၏။
မိမိတို့တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တန်ပြန်ထိုးစစ်ကြီးများ မဆင်နွှဲနိုင်မီတွင် စစ်အုပ်စု၏ ဒရုန်း၊ တင့်၊ ခြေလျင် ပူးပေါင်းစစ်ကြောင်းများကို ရေရှည်ရင်ဆိုင်တိုက်ခိုက်ခြင်းထက် ပြောက်ကျားစစ်ဖြင့် အမှည့်ခြွေ ခြွေခြင်း၊ မိုင်းစစ်ဆင်ရေးကို ထိထိရောက်ရောက် အသုံးပြုခြင်း နည်းလမ်းများကို အသုံးပြုကာ ခုခံကြရဦးမည် ဖြစ်သည်။ မိမိတို့အားသာသော ပြည်သူလူထုတရပ်လုံး၏ ထောက်ခံအားပေးမှုကို အပြည့်အ၀အသုံးချပြီး မိမိတို့နယ်မြေအတွင်း ကျူးကျော်လာသော အာဏာလုစစ်အုပ်စုတပ်များကို အမှည့်ခြွေအားနည်းစေပြီး အဆုံးတွင်မှ လူရော လက်နက်များကိုပါ ချေမှုန်းသိမ်းပိုက်နိုင်မည်ကို သတိချပ်သင့်၏။ အမာရှောင် အမွတိုက်ဟူသော ပြောက်ကျားစစ်၏ နည်းပရိယာယ်များကို အပြည့်အ၀ အသုံးချရမည့် ကာလလည်း ဖြစ်၏။ မိမိတို့နယ်မြေအတွင်း လှုပ်ရှားနိုင်စွမ်းမြင့်ခြင်းကို လေကြောင်း ကင်းထောာက်ရန်မှ သတိထားဖုံးကွယ်၊ လှည့်စားခြင်းနည်းများဖြင့် အားသားမှုမျှခြေ ရယူရမည် ဖြစ်သည်။
တဖက်တွင် စစ်အုပ်စုကို ပြောက်ကျားတိုက်ပွဲများဖြင့် အားအင်ချည့်နဲ့စေချိန်အတွင်း တဖက်ကလည်း နယ်မြေသိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ရန် အလျင်အမြန် ပူးပေါင်းပြင်ဆင်ကြရမည် ဖြစ်သည်။ နည်းပညာ၊ လူ၊ လက်နက်၊ စိတ်ဓာတ်အပြည့်ဖြင့် ပြန်လည်ထိုးစစ်ဆင်နိုင်ရန်အတွက် အချင်းချင်း စည်းလုံးညီညွတ်မှုသည် အလွန်အမင်း အရေးကြီးလှပါ၏။
နွေဦးတော်လှန်ရေးသည် ပြည်သူများမှ ပြည်သူ့လွတ်မြောက်ရေးအတွက် ကိုယ်တိုင် ဆင်နွှဲနေကြသော တော်လှန်စစ်ပွဲဖြစ်သည့်အတွက် မိမိတို့တွင် အလုံးစုံ ရှုံးနိမ့်နိုင်ခြေ မရှိပါ။
ကမ္ဘာပေါ်တွင် စိတ်ဓာတ်ခိုင်မာသော ပြောက်ကျားစစ် အခြေပြုတော်လှန်ရေးများကို နိုင်ငံကြီးများပင် အနိုင်မယူနိုင်ခဲ့ပါ။ မိမိတို့ မြန်မာပြည်သူများသည် ဖိစီးနှိပ်စက် ဆိုးယုတ်လှသော အာဏာရှင်ကို မဖြစ်သာလွန်းသဖြင့် ဝောာ်လှန်ကြခြင်း ဖြစ်သည်။
ထို့ကြောင့် အဆုံးသတ်နိုင်ပွဲကို ပြည်သူများက ရယူနိုင်ရန် အရေးကြီးလှ၏။
နွေဦးတော်လှန်ရေးအတွက် အဆုံးသတ်အောင်ပွဲရယူရန် အခြေခံစိတ်ဓာတ်ဖြစ်သော စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်များ မိမိတို့ မြန်မာပြည်သူများ၏ စိတ်နှလုံးသားထဲတွင် အခြေမြဲမြဲ အမြစ်တွယ် ရှင်သန်နေသရွေ့ စစ်အာဏာရှင်ကို မိမိတို့ အနိုင်တိုင်ရန် အခွင့်အလမ်းရှိနေသေးသည်သာ ဖြစ်၏။ သူ့ချည်းသာလောဆိုလျှင် အခြားဖြည့်ဆည်းရမည့် အရာများလည်းရှိပါ၏။ လက်ရှိ အခြေအနေရောက်အောင် သုညမှ စခဲ့ကြသူများဖြစ်သည့်အတွက် ဆက်လက်ကြိုးစားလျှင် အောင်မြင်ရမည်သာ ဖြစ်၏။
လက်ရှိ မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းများ စိုးမိုးထားသော နယ်မြေများကို အခြေပြုကာ စစ်အုပ်စု၏ ထိုးစစ်များကို ကာကွယ်ပြီး တန်ပြန်ထိုးစစ်များဖြင့် စစ်အုပ်စုကို ဖြုတ်ချနိုင်ရန် အချင်းချင်း စုစည်းညီညွတ်မှု၊ ခေတ်နှင့်အညီ နည်းပညာမြင့်လက်နက်များ ပူးပေါင်းအသုံးပြုနိုင်မှု၊ လက်နက်၊ ခဲယမ်း၊ ရိက္ခာ ရင်းမြစ်များ ရရှိအောင် ပူးပေါင်းဆောင်ရွက်မှုများလည်း လိုအပ်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ မြန်မာပြည်သူတရပ်လုံး၏ လိုလားတောင့်တချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးခရီးကို ချီတက်ရာတွင် အင်အားမညီမျှသည့်အတွက် မိမိတို့ တော်လှန်ရေး အဖွဲ့အစည်းများသည် ပြောက်ကျားစစ်ကို အထူးအားပြုကြရမည် ဖြစ်သည်။ ယခုကဲ့သို့ စစ်အုပ်စု၏ နည်းပညာသုံး ထိုးစစ်များကို ရင်ဆိုင်နေရချိန်တွင် ပို၍ပင် ပြောက်ကျား နည်းစနစ်များကို အားထားခုခံကြရမည် ဖြစ်၏။
ထိုမှတဆင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မြင်မားလာသည်နှင့်အမျှ စစ်အုပ်စုကို တန်ပြန်ထိုးစစ်ဆင်ချေမှုန်းနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ပြည်သူနှင့် တော်လှန်ရေးအဖွဲ့အစည်းများကြား အချင်းချင်း နှလုံးသားချင်း ထပ်တူပြုထားသော ကိုယ်ချင်းစာတရားများ၊ ချစ်ခြင်းတရားများဖြင့် တွဲလက်ညီညီ လျှောက်လှမ်းနိုင်လျှင် ပြည်သူကို နှိပ်စက် အနိုင်ကျင့်နေသော အာဏာလုစစ်အုပ်စုသည် ကျဆုံးရမည်သာ ဖြစ်ပါကြောင်း။
ညိုသူ