Home
ဆောင်းပါး
ကျားဆိုးမာယာ
DVB
·
August 16, 2025

မြန်မာအုပ်စု၏ လက်နက်အားကိုး အာဏာလုမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေးသည် အချိန်ကာလအားဖြင့် ၅ နှစ်အတွင်း ရောက်နေပြီဖြစ်သည်။ လက်နက်အင်အား၊ အထောက်အပံ့ အလွန်ကွာခြားသော်လည်း စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ၏ ကြိုးစားမှုကား ခရီးရောက်လှပါ၏။

စစ်အုပ်စုသည် ၅ နှစ်အတွင်း အမည်အမျိုးမျိုးပြောင်းကာ နိုင်ငံတကာနှင့် ပြည်သူလူထုကို လှည့်စားနိုင်ရန်၊ တရား၀င်မှုရရန် ကြိုးစားနေ၏။ အဆုံးတွင် စစ်အုပ်စုသည် မြို့ပေါင်း ၆၃ မြို့ကို လက်လွှတ်ရပြီး ပြည်သူလူထုကို လက်နက်အားကိုးဖြင့် ဖိနှိပ် အကြောက်တရားသွင်းကာ အုပ်ချုပ်မှုပုံစံ သွင်းနေရသော လူမိုက်ဂိုဏ်းသာသာအဆင့်သို့ လျှောကျနေပြီဖြစ်သည်။

မည်မျှပင် ခက်ခဲသော အခြေအနေကို ကြုံတွေ့နေရသည်ဖြစ်စေ မြန်မာအာဏာလုစစ်တပ်သည် အမြင်မှန်ရလိမ့်မည် မဟုတ်ပေ။ ထိန်းချုပ်နယ်မြေ မည်မျှပင် ဆုံးရှုံးစေကာမူ ထိုနယ်မြေများကို တိုက်ခိုက်ရန်နှင့် ၎င်းတို့၏ အမာခံနယ်မြေများကို ကာကွယ်ရန်အတွက် အပြင်းအထန် ကြိုးစားနေမည်သာ ဖြစ်သည်။

ပြည်သူလူထုကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်အုပ်ချုပ်ရန် ကြိုးစားမှုတွင် ပြည်သူလူထု၏ ခုခံမှုကြောင့် စစ်အုပ်စု၏ သစ္စာခံစစ်သားများ မည်မျှထိခိုက်ကျဆုံးစေကာမူ စစ်အုပ်စုခေါင်းဆောင်များသည် လက်လျှော့မည့်အရိပ်အယောင်ပင် မပြသည်ကို ထူးဆန်းစွာ တွေ့ရဦးမည်ပင် ဖြစ်၏။

အကြောင်းကား ရှင်းပါ၏။ ၎င်းတို့သစ္စာခံစစ်သားများသည် ၎င်းတို့အမျိုးများမဟုတ်၊ ၎င်းတို့သားသမီးများမဟုတ်၊ ၎င်းတို့ဆွေမျိုးများ မဟုတ်သောကြောင့် ဖြစ်၏။

“တို့သွေးလည်းမဟုတ်၊ တို့သားလည်းမဟုတ်၊ တို့အမျိုးလည်းမဟုတ်” ဆိုသော စစ်တပ်ဝါဒဖြန့် စကားကို ကြားဖူးကြပေလိမ့်မည်။ စစ်တပ်သည် ၎င်းတို့အာဏာတည်မြဲရေးအတွက် အစွန်းရောက် လူမျိုးရေးစိတ်များ ၎င်းတို့၏ လက်အောက်ခံများ၊ လက်ဝေခံများ၏ စိတ်တွင် ကိန်း၀ပ်နေစေရန် သွေးထိုးမြှောက်ပင့်ပေးသော စကားဖြစ်၏။ သို့သော် စစ်အာဏာရှင်တို့သည် ဤနည်းလမ်းကို အမှန်တကယ်၊ လက်တွေ့ကျကျ ကျင့်သုံးလိုက်နာကြသည်ကို တွေ့ရပေလိမ့်မည်။

လက်အောက်ခံစစ်သားများ မည်မျှပင် ထိခိုက်သေဆုံးရသည်ဖြစ်စေ၊ စစ်အာဏာရှင်တို့သည် မတုန်လှုပ်၊ အနေအစားမပျက်ပေ။ အကြောင်းကား ၎င်းတို့၏ သွေးသားမဟုတ်သောကြောင့် ဖြစ်၏။ မြန်မာ့အာဏာလုစစ်အုပ်စုသည် မျိုးချစ်တပ်မတော် ဖြစ်ရမည်ဟု အမြဲ ကြွေးကြော်လေ့ရှိ၏။ အမှန်ပင် ၎င်းတို့ ဆွေမျိုးတစုကိုသာ ချစ်သော ဆွေမျိုးကောင်းစားရေး လောဘသမား ဖြစ်ကြ၏။ မည်မျှပင် နိုင်ငံတော်အတွက်ဟု အသံကောင်းဟစ်နေသည်ဖြစ်စေ အာဏာလုစစ်အုပ်စုသည် ၎င်းတို့၏ သစ္စာခံ စစ်သားများကိုတောင် အသုံးချခံအဖြစ်သာ သဘောထားသည်မှာ အားလုံးအသိပင်ဖြစ်၏။

ယခုဆိုလျှင် ၎င်းတို့၏ လက်အောက်ခံ စစ်သားများကိုသာမက ၎င်းတို့ ထိန်းချုပ်နိုင်သေးသော နယ်မြေများမှ သာမန်ပြည်သူလူထုကိုပါ ၎င်းတို့အကျိုးစီးပွားအတွက် အသေခံခိုင်းရန် ကြိုးစားနေပြီ ဖြစ်၏။

၎င်းတို့ သကာဖုံးထားသော စကားလုံးများက လှပါ၏။ နိုင်ငံတော်အတွက်၊ အမျိုး၊ ဘာသာ၊ သာသနာအတွက် ဟူ၏။ အမှန်ကား ၎င်းတို့၏ သစ္စာခံစစ်သားများ၏ အားနှင့် ပြည်သူလူထုကို ဖိနှိပ်ရန် မလုံလောက်သဖြင့် အငှားဗိုက်နှင့် ဓားထိုးခံခိုင်းခြင်းမျှသာ ဖြစ်၏။

သာမန်ပြည်သူတို့အဖို့ စစ်အုပ်စု၏လက်အောက်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အရာရာ ကျပ်တည်းလျက်ရှိသည်တွင် ယခုကဲ့သို့ အနိုင်ကျင့် လူပါး၀မှုဒဏ်ကိုပါ ခံနေရသည်မှာ များစွာ ဝမ်းနည်းဖွယ်ကောင်းနေ၏။ ပြည်သူများ၏ဆန္ဒမှာ အေးချမ်းလုံခြုံစွာ လုပ်ကိုင်ရှာဖွေ စားသောက်နိုင်သော ပတ်၀န်းကျင်၊ စီးပွားရှာရလွယ်ကူမှုနှင့် လွတ်လပ်မျှတသည့် ဥပဒေ၏ အကာအကွယ်သာ ဖြစ်၏။

သို့သော် စစ်အုပ်စု၏ အုပ်ချုပ်မှုအောက်တွင် မြန်မာပြည်သူတို့ ပြန်ရခဲ့သည်ကား ဆင်းရဲငတ်မွတ်မှုနှင့် အသက်ဘေးအန္တရာယ် ကျရောက်မှုသာ ဖြစ်နေ၏။ အာဏာလုစစ်အုပ်စုသာ ဆက်လက်အုပ်စိုးနေပါက နောင်တွင်လည်း မပြောင်းမလဲ ဤအတိုင်းပင် တွေ့ရမည်သာဖြစ်၏။

စစ်အာဏာရှင်တို့ကား စဉ်းလဲ၏။ ကောက်ကျစ်၏။ စား၀တ်နေရေးအတွက် အသည်းအသန် ရုန်းကန်နေရသော ပြည်သူလူထုကို ပျော်ပွဲရွှင်ပွဲအတုများဖြင့် လှည့်ဖြား၏။ စာရိတ္တကို ဖျက်၏။ သူတို့ကဲ့သို့ တဘို့တည်းသမား ဖြစ်လာစေရန် ပြည်သူလူထုကို သွယ်ဝိုက်သော နည်းလမ်းများဖြင့် ပြုပြင်ယူနေ၏။

ပြည်သူတို့အား မတရား စစ်မှုထမ်းစေခြင်းတွင်လည်း ၎င်းတို့၏ ဆွေမျိုးများပင် နိုင်ငံတော်အရေးမို့ ၀င်ထမ်းနေသယောင် ဝါဒဖြန့်သည်များကိုလည်း တွေ့ရပြီးဖြစ်သည်။ စစ်အာဏာရှင်တို့၏ သားသမီး ဆွေမျိုးများသည် ဘေးအန္တရာယ်ဝေးသော၊ ခိုးရလွယ်သော နေရာများတွင်သာ အစဉ်အဆက် နေရာယူကြသည်မှာ ပြည်သူအားလုံး သိကြပြီးဖြစ်သည်ကို စစ်အုပ်စုက မေ့နေသည်ထင်၏။ အရူးကွက်နင်းခြင်းလည်း ဖြစ်နိုင်၏။ အမှန်စင်စစ် အာဏာလု စစ်ခေါင်းဆောင်များ၏ သားသမီး ဆွေမျိုးများသည် ပြည်တွင်းတွင် ကုမ္ပဏီပေါင်းစုံဖြင့် ကြီးပွားနေကြသည်များ၊ ပြည်ပနိုင်ငံများတွင် ပြည်သူလူထုထံမှ ကုပ်သွေးစုပ်ထားသော စည်းစိမ်များဖြင့် ကျောင်းကောင်းကောင်းတက်ပြီး စီးပွားရှာ ချမ်းသာနေကြသူများသာ ဖြစ်၏။ တချိန်တည်းမှာပင် ပြည်သူလူထု၏ သားသမီးများကို ပညာသင်ကြားနေသော ကျောင်းများကို လေကြောင်းတိုက်ခိုက်ခြင်းဖြင့် ပြည်သူလူထုကို ၎င်းတို့ထက် ပညာမတတ်စေရန် ကြိုးစားနေသေး၏။ လွန်စွာယုတ်မာကောက်ကျစ်သော၊ အတ္တကြီးသော အာဏာရှင်များပင် ဖြစ်တော့၏။

မိမိတို့ မြန်မာပြည်သူများအနေဖြင့် ထိုသို့သော အာဏာရှင်အောက်တွင် ကြာရှည်နေရပါက မိမိတို့နိုင်ငံနှင့် ပြည်သူများ၏ အခြေအနေမှာ မတွေးရဲစရာကောင်းလောက်အောင် နိမ့်ကျသွားရတော့မည်မှာ အသေအချာဖြစ်၏။ ထိုသို့မဖြစ်စေရန် မြန်မာပြည်သူတို့ တတ်စွမ်းသမျှ ကြိုးစားနေကြခြင်း ဖြစ်၏။ သို့သော် နှမ်းတစေ့တည်းဖြင့် ဆီမဖြစ်ဆိုသည့် မြန်မာစကားပုံအတိုင်း အားလုံး အတူတူပါ၀င်နိုင်ကြရန်လည်း အရေးကြီးလှ၏။

ပြည်သူလူထု တကယ်ညီလျှင် စစ်အာဏာရှင်တို့ မည်မျှကြိုးစားသည်ဖြစ်စေ အဆုံးတွင် ကျဆုံးရမည်သာ ဖြစ်၏။ ဤသည်ကို အာဏာလု စစ်အုပ်စုတို့ လက်လွှတ်ထားရသော မြို့များစွာက သက်သေပြနေ၏။ စစ်အုပ်စု၏ လက်အောက်တွင် ကျရောက်နေသော ပြည်သူများအနေဖြင့်လည်း မာယာအမျိုးအမျိုးဖြင့် လှည့်ဖြားတတ်သော ကျားငစဉ်းလဲများ လက်အောက်တွင် ဘ၀ပျက်ရသော အဖြစ်မျိုးမှ အမြန်ရုန်းထွက်နိုင်ရန်အတွက် တတ်နိုင်သည့်ဘက်မှ တော်လှန်ဆန့်ကျင်နေရန် လိုအပ်လှ၏။

အတင်းအဓမ္မ စစ်မှုထမ်းစေပြီး ၎င်းတို့စစ်အုပ်စု အကျိုးအတွက် အသေခံရသည်မှာ များစွာ နာကျင်၀မ်းနည်းဖွယ် ကောင်းလှ၏။ တော်လှန်ရေးခရီးက ခက်ခဲပါ၏။ သို့သော် ရုန်းထွက်လိုလျှင် ကြိုးစားခွင့်တော့ ရှိနေသေး၏။

လွတ်မြောက်ခွင့်အတွက် အမှန်တကယ် ကြိုးစားနေကြသော ပြည်သူများ ရှိနေသောကြောင့် လွတ်မြောက်‌နယ်မြေဟူသည် အရင်ခေတ်များကဲ့သို့ များစွာအလှမ်းမဝေးလှပါ။ အတူတူ တတ်စွမ်းသမျှ ကြိုးစားကြဖို့သာ လို၏။ စစ်အုပ်စုကောင်းစားရေး အသေခံရသည်ထက်တော့ လွတ်မြောက်ရေးအတွက် ကြိုးစားရသည်က အပုံကြီးသာသည်ကို မိမိတို့ပြည်သူများ အသိဖြစ်၏။

ထို့ကြောင့် စစ်အုပ်စု၏ အဖိနှိပ်ခံ ပြည်သူ့စစ်များ၊ အသုံးချခံ စစ်သားများ အနေဖြင့် စစ်အုပ်စု၏ ယုတ်မာ‌သော လှည့်ဖြားမှုများကို ထင်ထင်ရှားရှား ပိုင်းခြားရှုမြင်ပြီး လွတ်မြောက်ရာလမ်းကို ရှေးရှုကြရတော့မည်အချိန်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ မတရားမှုကို တွန်းလှန်နေသူတိုင်းကို ဘ၀တူ ပြည်သူအများက နွေးထွေးစွာ လက်ကမ်းကြိုလျက် ရှိပါကြောင်း...။

ညိုသူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024