Home
ဆောင်းပါး
မဆုတ်မနစ် စိတ်ဓာတ်ဖြင့် မြန်မာ့လွတ်မြောက်ရေးတိုက်ပွဲကို ခရီးဆက်ကြခြင်း
DVB
·
July 11, 2025

မဆုတ်မနစ် တော်လှန်ခြင်း၊ နိုင်ငံရေးအရ ရှင်းလင်းသော အမြင်ရှိခြင်းနှင့် အာဏာရှင်ကို အံတုရာတွင် အများလက်ခံသည့် ရပ်တည်ချက်မျိုးကို ဆုပ်ကိုင်ထားခြင်းအားဖြင့်သာ မုသားအားဖြင့် စစ်အာဏာရှင်များ အနိုင်ရသွားခြင်းကို တားဆီးနိုင်ပေလိမ့်မည်။

ခက်ခဲသော လွတ်မြောက်ရေးတိုက်ပွဲတိုင်းမှာ အချိန်ယူကြပါသည်။ အဆုတ်အတက်များလည်း ရှိကြသည်။ အတက်ကာလမျိုးတွင် အောင်ပွဲသည် လက်တကမ်းအတွင်း ရောက်လာတော့မည့်အလား ထင်ချင်စရာဖြစ်သည်။ အကျချိန်များတွင်မူ အရာရာသည် လက်မှိုင်ချစရာ ဖြစ်သည်။ ရှေ့ဆက်ရန် ရှင်းလင်းပြတ်သားသည့်လမ်း မရှိတော့သလို ဖြစ်နိုင်သည်။ ဆုံးရှုံးရခြင်း၊ ခက်ခဲခြင်းနှင့် နာကျင်ရခြင်းများက အထပ်ထပ်ရောက်လာပြီး အဓိပ္ပာယ်မရှိသလို ဖြစ်လာနိုင်သည်။

ခက်ခဲပြင်းထန်သော တိုက်ပွဲများကို ဖြတ်သန်းနေရသူတိုင်း သို့မဟုတ် ထိုကဲ့သို့သော တိုက်ပွဲများ၏ သမိုင်းကြောင်းကို လေ့လာသူတိုင်းက အမှန်တရားကို သိကြပါသည်။ တိုက်ပွဲအမြင့်ဆုံးဖြစ်နေသည့် အချိန်ကာလကို ဖြတ်သန်းနေချိန်တွင် တိုက်ပွဲများသည် ရှည်လွန်းလှသည်ဟု ထင်နိုင်သည်။ လူသတ်သော၊ ဆွေမျိုးကောင်းစားရေးကိုသာ အလေးထားသော၊ ခေါင်းပုံဖြတ် အမြတ်ထုတ်သော အာဏာရှင်တို့သည် ၎င်းတို့အနိုင်ရရေးတွင် နိုင်လျှင် မည်သည့်နည်းကို သုံးရ သုံးရ သဲကြီးမဲကြီး တိုက်ပွဲဝင်လေ့ရှိကြသည်။ မင်းအောင်လှိုင် ကိုယ်တိုင်ကပင်လျှင် မလုပ်ရဲတာ ဘာမျှမရှိဟု ပြောခဲ့ဖူးသည်။ ဆိုလိုသည်မှာ ဘာကိုမျှ ထိန်းထိန်းသိမ်းသိမ်း လုပ်စရာမရှိ၊ ညှာတာစရာလည်းမရှိဟု သူ့ဘက်က ဆိုလိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အထက်က ဆိုခဲ့သည့်အတိုင်း ထိုတိုက်ပွဲကြမ်းများကြား နေထိုင်နေရသောသူများ၊ သမိုင်းကို သိနားလည်နေသူများ လက်ခံထားကြသည့် နောက်အချက်တခုမှာလည်း တိုက်ရင်း မကြာခဏ အားပြန်တင်းကြရခြင်း၊ အရှုံးနှင့် တချို့တဝက်ရင်ဆိုင်ရခြင်း၊ တိုက်ရင်း ဗျူဟာအရ ပြန်ဆုတ်ရခြင်း အစရှိသည်တို့မှာလည်း တိုက်ပွဲ၏သဘော ဖြစ်နေသည်ကိုပင်။ ထိုအစိတ်အပိုင်းများကို ဖြတ်ကြရသည်ချည်းပင်။ ခံနိုင်အောင် ကြိုးစားကြရသည်။ တောင့်ခံထားရသည်။ ဆက်တိုက်ရသည်။ ချာချီကပြောခဲ့သည့် “ငရဲကိုဖြတ်နေရပြီဆိုမှာတော့ ရှေ့ဆက်ဖို့သာ ရှိတော့တာပေါ့။” ဟူသော စကားလိုပင်။ အမှောင်ထဲဖြတ်ရချိန်တွင် အဆိုးဆုံးဟု ခံစားရလေ့ရှိသည်။ သို့ရာတွင် အဆိုးရှိလျှင် အကောင်းမှာ လာစမြဲတည်း။ ခရီးဆက်နေဖို့သာလိုသည်။ လမ်းမမြင်လျှင်ပင် ရပ်ပစ်၍ မရနိုင်။

မြန်မာ့နွေဦးတော်လှန်ရေးသည် ၄ နှစ်အတွင်း ပြောင်မြောက်သည့် ရလဒ်များကို ရရှိခဲ့သည်။ များမကြာသေးမီကပင် အကောင်းဘက်ကို မျှော်လင့်နိုင်သည့် အခြေအနေများ ရှိနေခဲ့သေးသည်။ စစ်အာဏာရှင်များ မုချကျဆုံးမည်ကို မြင်ခဲ့ရပြီး မြန်မာသည် အာဏာရှင်လက်အောက်မှ လွတ်နိုင်သည့် လမ်းများကို တွေ့ခဲ့ကြရသည်။ ထိုတိုးတက်မှုများကို တိုက်ရဲသူများ၊ အနစ်နာခံရဲသူများနှင့် ကြံ့ကြံ့ခံ ဆက်လက်တိုက်ပွဲဝင်နေသူများကြောင့် ရခဲ့ကြသည်။ ယခုအခါတွင် ထိုမျှော်လင့်ချက်များ အတန်ငယ် မှိန်လာသည်။ မှိန်လာရသည့် အကြောင်းများလည်း ရှိသည်။

အကြီးမားဆုံးကိစ္စတခုမှာ မြန်မာ၏ အိမ်နီးချင်းများသည် ခြံစည်းရိုးခွထိုင်နေကြခြင်းကို ရပ်တန့်လိုက်ကြပြီး စစ်တပ်ဘက်ကို ဝင်ပြီး ထောက်ခံလာကြသည်။ စစ်အာဏာရှင်တို့ကို မြန်မာနိုင်ငံ၏ ဗဟိုချက်မှ အစိုးရအဖြစ် ဆက်လက်ရည်ညွှန်းလာကြသည်။ ထို့ပြင် အခြားသော တော်လှန်ရေးအပေါ် ထိုးနှက်ချက်များလည်း ရှိသေးသည်။

မြေငလျင်လှုပ်ခတ်ခြင်းသည် တော်လှန်ရေး၏ အသည်းနှလုံးဖြစ်သော ပြည်သူများကို များစွာ ထိခိုက်ခံစားစေခဲ့သည်။ အတင်းအကျပ် စစ်မှုထမ်းဥပဒေထုတ်ခြင်း၊ လက်နက်အသစ်များကို စစ်တပ်ဘက်က တပ်ဆင်လာခြင်း၊ ရုရှားနှင့် တရုတ်တို့ထံမှ နည်းပညာ အထောက်အပံ့များကို ရနေခြင်းတို့က ထင်ရှားသည်။ တော်လှန်ရေးသမားများကို တိုက်သော ဒရုန်းများ၊ လက်နက်ကြီးများ၊ လေတပ်ပစ်ချက်များသည် ပို၍ စနစ်ကျလာသည်။ ထိုအရာများ အားလုံးပေါင်းသော် စစ်တပ်ကို အသာစီးရလာစေသည်။

တော်လှန်ရေးဘက်တွင်မူ အရှိန်လျော့ကျလာသည်။ အနာဂတ် ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးမှာ မည်သို့မည်ပုံ ဖြစ်ရမည်ဟု အငြင်းအခုံများ ဖြစ်နေကြခြင်းတွင် အကျပ်ရိုက်နေသည်မှာ ကြာခဲ့ပြီ။ ယနေ့အချိန်အခါတွင် ဦးစားပေးရမည့် ကိစ္စများအပေါ်  ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်ခြင်း မရှိပေ။

ဤအတောအတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ရုရှား၊ တရုတ် စသည့်နိုင်ငံကြီးများသည် မင်းအောင်လှိုင်နှင့် စစ်အာဏာရှင် အုပ်ချုပ်ရေးကို ပိုမို အဖက်လုပ်လာကြပြီး နိုင်ငံတကာ စင်မြင့်ထက်တွင် အသက်ဆက်ပေးလိုက်သည်။ ဤအချက်က မင်းအောင်လှိုင်၏ ယုံကြည်ချက်ကို ပို၍ မြှင့်တင်ပေးလိုက်သလိုပင်။

စစ်တပ်သည် သူ၏ဇာတ်ညွှန်းထဲရောက်အောင် ပို၍ အားထည့်ဆောင်ရွက်လာသည်။ ဒေသတွင်းနှင့် နိုင်ငံတကာကလည်း ထိုဇာတ်ကြောင်းထဲသို့ ဝင်လာကြသည်။ ထိုအချိန်တွင် တော်လှန်ရေးဘက်ကမူ ပြည်သူ့မြင်ကွင်းများတွင် မရှိနေနိုင်တော့ဘဲ အဝေးရောက်လာသည်။ စစ်တပ်မရှိလျှင် ဘာတွေဆက်လုပ်ကြမည်ဆိုသည့် ကိစ္စကို ဆွေးနွေးရင်း ကန့်လန့်ကာ နောက်ကွယ်မှ ညှိနှိုင်း ဈေးဆစ်ကြခြင်းများဖြင့် အချိန်ကုန်ခဲ့သည်။

ကျနော်အရင်ကပြောခဲ့သလိုပင် ထပ်၍ ပြောပါဦးမည်။ “ရောက်လာရန် မသေချာသည့် အနာဂတ်တခုတွင် ဖြစ်လာမည့်ကိစ္စများကို ငြင်းခုံရင်း အချိန်မကုန်ကြပါနှင့်” ဟု ထပ်ပြောရပါမည်။ ပြောရင်းဆိုရင်း စိတ်ကူးနေသည့် အနာဂတ်အိပ်မက်သည် ပျက်ပြယ်စ ပြုနေပြီဟု သတိထားမိလျှင် အိပ်မက်က ထကြရန် လိုအပ်နေပါပြီ။ တဖန်ပြန်၍ တိုက်ပွဲကို အာရုံပြုကြရပါမည်။ လက်ရှိ ဒုတ်ဒုတ်ထိ ရင်ဆိုင်နေရသော တိုက်ပွဲကို ဦးတည်ကြရမည်။ ထိုတိုက်ပွဲကသာ အနာဂတ်ကို ယူဆောင်လာနိုင်ပါသည်။

ဆိုလိုသည်မှာ စစ်တပ်ကို နိုင်အောင်တိုက်ကြရန်ဖြစ်သည်။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့ ဦးတည်ခြင်းအားဖြင့် စစ်တပ်ကို လာမည့် ရွေးကောက်ပွဲ အတုအယောင်ဖြင့် အသာစီးရခွင့်မရရေး ဖြစ်ပါသည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အာဆီယံအဖွဲ့များ၏ အကူအညီဖြင့် ရွေးကောက်ပွဲနည်းလမ်း သုံးပြီး စစ်အာဏာရှင် သက်ဆိုးမရှည်နိုင်ရန် ဖြစ်သည်။

အကယ်၍ စစ်တပ်သည် မြန်မာနိုင်ငံကို ဗဟိုမှအုပ်ချုပ်သော အစိုးရတရပ်အဖြစ် ဆက်လက် ရပ်တည်နိုင်ပြီး နိုင်ငံတကာကလည်း လက်ခံလိုက်ကြပြီဆိုလျှင် ဘာမှ ဆက်လုပ်နိုင်ကြတော့မည် မဟုတ်ပါ။

စစ်သည် မျောနေပြီး အပြင်းဆုံးတိုက်နိုင်လျှင် နောက်ထပ် ၂ နှစ်လောက်သာ အများဆုံး တိုက်နိုင်မည်။ စစ်တပ်သည် ၎င်း၏အင်အားကို ပြန်လည်စုစည်းနိုင်သည်နှင့် တပြိုင်နက် အင်အားနည်းနေသည့် အချက်များကို ပြုပြင်ပြီး ပြန်လည်တောင့်တင်းလာမည်ပင် ဖြစ်သည်။

စစ်ခေါင်းဆောင်တို့သည် နိုင်ငံ၏ တန်ဖိုးကြီးသော ပိုင်ဆိုင်မှုများကို ဆက်လက် ရောင်းချကြပါလိမ့်ဦးမည်။ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရင်း နိုင်ငံတကာနှင့် စီးပွားရေးစာချုပ်များ ချုပ်ကြလိမ့်ဦးမည်။ အကြွေးများလည်း ချေးနိုင်ကြပါမည်။ နိုင်ငံတကာ အကူအညီကိုလည်း ပို၍ပင် ထိန်းချုပ်လာနိုင်လိမ့်မည်။ ပြည်တွင်းပြည်ပ ပြည်သူများထံမှ ငွေကိုလည်း ညှစ်ယူကြလိမ့်မည်။

သယံဇာတများကို လုယက်ကြရင်း စစ်တိုက်ရန် သုံးနိုင်သည့်ငွေလည်း ပိုပွားလာနိုင်သည်။ ယခင်ကအတိုင်းပင် ၎င်းတို့အတွက် ဂုဏ်တက်စေမည့် စီမံကိန်းကြီးများ၊ လက်ပါးစေ မွေးထားနိုင်သည့် ကွန်ရက်များကို ထိုငွေဖြင့် တည်ဆောက်နိုင်ကြပါလိမ့်မည်။

တော်လှန်ရေးဘက်က တပ်များသည် လက်နက်မချသကဲ့သို့ စစ်တပ်ဘက်ကလည်း လူသတ်မြဲ သတ်နေဆဲ ဖြစ်သည်။ သူတို့သည် ဆက်လက်ခုခံနေကြဦးမည်။ စစ်တပ်အနေနှင့် လက်နက်ချရန် သို့မဟုတ် အပစ်အခတ်ရပ်စဲ ညှိနှိုင်းရန် သို့မဟုတ် ဒေသအချို့မှ အုပ်ချုပ်သူများနှင့် အပြန်အလှန် အကျိုးစီးပွား ဖလှယ်ညှိနှိုင်းရေး လုပ်ပြီး စစ်ကို အဆုံးသတ်ရန် စဉ်းစားစရာ အကြောင်းပြချက် ကောင်းကောင်းမရှိပေ။

တည့်ပြောရသော် စစ်တပ်ကို ရွေးကောက်ပွဲအပြီးတွင် အသိအမှတ်ပြုလိုက်ကြပြီဆိုလျှင် တိုက်ပွဲမှာ ဆက်၍ ရှည်ကြဦးမည်။ စစ်တပ်သည် ခိုးမြဲ တိုက်မြဲ ဆက်ဖြစ်နေဦးမည်။ စီးပွားရေးသည်လည်း ပြိုကွဲမြဲပင် ရှိဦးမည်။ တိုင်းပြည်သည် အစိတ်စိတ်ဖြစ်လျက် ထိုပြိုကွဲမှုမှာ အမြဲတမ်းပင် ဖြစ်သွားနိုင်သည်။ တော်လှန်ရေးတပ်ဖွဲ့များသည်လည်း ပျောက်ကွယ်သွားမည် မဟုတ်ပေ။ သို့ရာတွင် တော်လှန်ရေးဘက်ကလည်း နိုင်ငံရေးပန်းတိုင် ပျောက်လာပြီး ပြည်သူတို့၏ ထောက်ခံမှု လျော့ကျလာနိုင်သည်။ နောက်ဆုံးတွင် တပ်ပုံပျက်လာနိုင်ပြီး စစ်တပ်ကို လက်နက်ကိုင်သာသာ အဆင့်ဖြစ်လာမည်။ မိမိတို့အင်အားနှင့် အရွယ်အစားအလိုက် လက်နက်ကိုင် ဂိုဏ်းများသဖွယ် ရပ်တည်ကြရပြီး ဒုစရိုက်မှုများနှင့်လည်း ပတ်သက်လာရနိုင်သည်။ အဆိုးဆုံးဖြစ်လာနိုင်သည်မှာ နိုင်ငံရေးကို မယုံကြည်တော့ဘဲ စိတ်ဓာတ်ပျက်ပြားခြင်းပင်။ အိုမင်းလာသော မျိုးဆက်သည် အတိတ်က လူထုလှုပ်ရှားမှုများကို စိုးထိတ်ခဲ့ကြပြီး ဆက်လက် တိုက်ပွဲဝင်ရန် အားမပါတော့သော မျိုးဆက် ဖြစ်လာခဲ့ကြပြီ။ နွေဦးတော်လှန်ရေးသည်လည်း ထိုကဲ့သို့ပင် ပင်ပန်းနွမ်းနယ်လာနိုင်သည်။ အကယ်၍ ယခုအချိန်တွင် မင်းအောင်လှိုင်ကို နိုင်အောင်မတိုက်နိုင်လျှင် မြန်မာသည် နောက်ထပ် ၁၅ နှစ် အနှစ် ၂၀ ဆိုသလို စစ်ဗိုလ်ချုပ်များ၏ ဆွေမျိုးကောင်းစားရေး လုပ်ရပ်များ၊ ဖိနှိပ်မှုများနှင့် ဒုစရိုက်မှုပြုလျှင် အပြစ်ပေးမခံရဘဲ ထင်သလို နေထိုင်နိုင်ခွင့်များ ဆက်ရနေဦးမည် ဖြစ်သည်။

အကယ်၍ စစ်တပ်ဘက်က ရှုံးသွားလျှင်မှု နိုင်ငံ၏ အခြေအနေမှာ တမျိုးပြောင်းသွားနိုင်သည်။ အခြေခံလူသားလုံခြုံရေးကို ချက်ချင်းပြန်တည်ဆောက်နိုင်ကြမည်။ စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ကြမည်။ အရေးကြီးသော နိုင်ငံရေးဆွေးနွေးပွဲများကို အကောင်အထည် ဖော်နိုင်ကြမည်။ ခက်ခဲသော်လည်း လက်တွေ့ကျသော ထိုလုပ်ငန်းများ အမှန်တကယ် စတင်လာနိုင်ကြလိမ့်မည်။ စစ်တပ်ဘက်တွင် တိုက်ခိုက်နိုင်စွမ်းအားများ ရှိနေသေးသည်မှာ မှန်ပါသည်။ တော်လှန်ရေးဘက်ကရထားသော မြို့ကြီးများကို ပြန်ယူနိုင်သည်။ အသာစီးယူ တိုက်ခိုက်နိုင်သည်။ သို့ရာတွင် ၎င်းတို့၏ ထိုးစစ်အားလုံးမှာ အောင်မြင်တတ်သည် မဟုတ်ပါ။ ဥပမာ- အကျိုးစီးပွားများစွာဖြစ်ထွန်းသော မြဝတီမြို့သို့ ဆက်သွယ်သည့် ထိုင်း-မြန်မာ အာရှလမ်းမကြီးကို ၎င်းတို့ ပြန်မသိမ်းနိုင်ခဲ့ပါ။ စစ်တပ်က ထိုကဲ့သို့ ရှုံးခဲ့သော အရှုံးများမှာ မသေးလှပါ။ သို့ရာတွင် လက်ရှိအခြေအနေကို ပြောင်းသွားနိုင်လောက်သည့် အောင်မြင်မှုများ မဟုတ်ကြသေးပါ။

အခြားတဖက်တွင်မူ တော်လှန်ရေးတပ်ဖွဲ့များက ဆက်တိုက်နေကြမည်ဖြစ်သည်။ အချို့အောင်မြင်၍ အချို့ ရှုံးနိမ့်နိုင်ပါသည်။ သို့သော်လည်း အဆုံးသတ်တွင် ပိုနေမြဲ ကျားနေမြဲ ဖြစ်နေမည်။ စစ်တပ်သည်လည်း တော်လှန်ရေးတပ်များကို ဖြိုခွဲနိုင်မည် မဟုတ်ပေ။ တော်လှန်ရေးသည် အချို့နေရာများတွင် နောက်ဆုတ်သွားသော်လည်း အချို့နေရာများတွင် ရှေ့ဆက်နေသေးသည်။ ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေနှင့် မိမိတို့ဘက်ခြမ်းကို ပြန်လည် စုစည်းရန် လိုအပ်နေသည်။ ပိုမိုအချိတ်အဆက်ရှိရှိ ဆောင်ရွက်နိုင်ရန် မဟာဗျူဟာမြောက် ဆောင်ရွက်မှုများ လိုအပ်နေသည်။ နောက်ပြန်လန်ကျသည်များကို လျော့ပါးအောင် ဆောင်ရွက်ရင်း ရှေ့အောင်ပွဲဆီသို့ ဆက်လက်ချီတက်ကြရပါမည်။ ယခုအချိန်တွင် အရေးကြီးသည့် ပန်းတိုင်မှာ လွတ်မြောက်နယ်မြေများကို အရှေ့တောင်မှသည် အနောက်မြောက်သို့ ဆန့်ထုတ်သည်နှင့် တပြိုင်နက် အနောက်တောင်မှသည် တောင်ဘက်သို့ ဆန့်ထွက်ကြရန် ဖြစ်သည်။ သို့မှသာ စစ်တပ်ထိန်းချုပ်သော နယ်မြေများ အပိုင်းပိုင်းပြတ်တောက်ပြီး ကုန်းလမ်းဖြင့် ဆက်စပ်မရနိုင်ဘဲ အားနည်းလာသည့် အခြေအနေသို့ ရောက်နိုင်မည်။ ဒုတိယအချက်အနေနှင့် အရေးကြီးသည်မှာ တော်လှန်ရေးသည် ၎င်း၏ နိုင်ငံရေးအစီအစဉ်များကို ရှေ့သို့ဆောင်ရွက်ကြရန် အမြန်ပင် လိုအပ်နေသည်။

ဒေသတွင်းနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော မြန်မာနှင့်ပတ်သက်သည့် ဇာတ်ကြောင်းများတွင် ရွေးကောက်ပွဲဆိုသော စကားလုံး၊ အပစ်အခတ်ရပ်စဲရေး ဆိုသော စကားလုံး၊ လူသားချင်းစာနာမှု ဦးစားပေးလုပ်ငန်းများ၊ နိုင်ငံရေးလုပ်ငန်းစဉ်များ၊ အားလုံးပါဝင်နိုင်သည့် ညှိနှိုင်းမှုများ၊ ငြိမ်းချမ်းရေး အလားအလာများ အစရှိသည့် စကားလုံးများ ပြန်ညံလာခဲ့သည်။ ထိုအရာများ အားလုံးသည် လက်ရှိတွင် အစစ်အမှန်ကိစ္စများ မဖြစ်နေကြပေ။ ရှင်းရှင်းဆိုရသော် အမှိုက်များပင် ဖြစ်၏။ သို့ရာတွင် ထိုအမှိုက်များသည် အမှန်တကယ်ပင် ဒုက္ခပေးနိုင်သော အမှိုက်များ ဖြစ်ကြသည်။ Steve Bannon ပြောခဲ့သည့် တခွင်တပြင်လုံး ပေပွအောင် မစင်သုတ်သည့် ကိစ္စမျိုးပင်။ သံတမန်များနှင့် နိုင်ငံတကာမှ မူဝါဒေရေးရာ အသိုက်အဝန်းများသည် ထိုပရိယာယ်ဖြင့် လှည့်ဖျားသော ဇာတ်ကြောင်းများ ပြည့်လျက် ညစ်ညမ်းနေသည်။ စစ်တပ်၏ နိုင်ငံရေးတိုက်ကွက်တွင် ခြေဆင်းခင်းပေးသည့် ဝါဒဖြန့်ချိရေး ဇာတ်လမ်းများ ဗုံးကြဲပေးနေကြသည်။ နေရာအနှံ့အပြားသို့ ဖြန့်ကျက်ကာ ထိုသတင်းစကားများ ဖြန့်ခင်းပေးပြီး ရွေးကောက်ပွဲကို နောက်ဆုံး နိုင်ငံရေးအောင်ပွဲကဲ့သို့ ပုံဖော်နေကြသည်။

စစ်တပ်သည် တိုင်းပြည်အတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များကို အနိုင်ရနိုင်မည် မဟုတ်ပေ။ ရွေးကောက်ပွဲ အလိမ်အညာတခုကို နယ်မြေအချို့တွင်သာ အကန့်အသတ်ဖြင့် ကျင်းပပြီး အိမ်နီးချင်း တိုင်းပြည်များ၏ အသိအမှတ်ပြုမှု ရသွားနိုင်သည်။ တကမ္ဘာလုံးတွင်ရှိသော အာဏာရှင်များနှင့် မဟာမိတ် ဆက်လက်ဖြစ်တည်နေကြပြီး စစ်တပ်သည် အောင်ပွဲခံမည့်လမ်း ဖြစ်သည်။

ထို့ကြောင့်ပင် တော်လှန်ရေးတပ်များအနေနှင့် စစ်တပ်ကို အချိုသပ်ပေါင်းခြင်းတနည်းသာ အလုပ်ဖြစ်လိမ့်မည်ဟု ယုံကြည်နေသော အိမ်နီးချင်းများနှင့် နိုင်ငံတကာအသိုက်အဝန်းများ၏ ကြားဝင်မှုမပါသည့် နိုင်ငံရေးလှုပ်ရှားမှုတခုကို ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြသည်။

ထိုနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုသည် တိကျပြီး ရှင်းလင်းမြင်သာစွာ၊ အမြော်အမြင်ရှိစွာ ခင်းကျင်းထားပြီး အများယုံကြည်နိုင်သည့်ပွဲမျိုး ဖြစ်ရန်လိုသည်။ ဝိုင်းလက်မှတ်ထိုးကြသည့် ထုတ်ပြန်ချက်တခုထက် များစွာပိုပါသည်။ စစ်တပ်၏ အမှိုက်ဖွ ညစ်ညမ်းထားသော ဇုန်ကို ကျော်လွန်နိုင်သည့် နိုင်ငံရေးဇာတ်ကြောင်း ဖြစ်ရမည်ဖြစ်ပြီး အများလက်ခံစရာ ထပ်ခါထပ်ခါ ပြောနိုင်သော ဇာတ်ကြောင်းလည်း ဖြစ်ရန်လိုသည်။

ထိုဇာတ်ကြောင်းမျိုး လွင့်ပျံ့နိုင်ရေးအတွက် လက်ရှိလိုအပ်နေသည်မှာ ကျစ်လျစ်သော၊ မဟာဗျူဟာကျသော၊ အင်အားရှိသော စုစည်းမှု လိုအပ်နေသည်။ ဤစစ်ပွဲသည် စတင်လိုက်ကတည်းက လက်နက်တခုတည်းဖြင့် စတိုက်ခဲ့သည့်ပွဲ မဟုတ်ပါ။ ပြတ်သားသော၊ စိတ်အားထက်သန်သောာ၊ နိုင်ငံရေးဇာတ်ကြောင်းဖြင့် စခဲ့သည့် တိုက်ပွဲဖြစ်ပါသည်။ ထို ရှင်းလင်းပြတ်သားပြီး ဦးတည်ချက်ကောင်းမွန်သော ဇုန်ထဲသို့ ဝင်ရန် အင်အားရှိဖို့လိုသည်။ ယုံကြည်ကြဖို့ လိုပါသည်။

အီဂေါဗလာဇီဗစ်

(DVB English ပိုင်း ဝက်ဘ်ဆိုက်တွင် မြန်မာ့အရေးလေ့လာသူ Igor Blazevic ရေးသားထားသည့် “The struggle for Myanmar demands relentless will” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024