Home
ဆောင်းပါး
မြန်မာ့နွေဦးတော်လှန်ရေးကာလမှာ အိန္ဒိယက ဘယ်လိုအိမ်နီးချင်းမျိုးဖြစ်နေလဲ
DVB
·
July 31, 2025
Photo: Embassy of India

အိန္ဒိယ-မြန်မာ ဆက်ဆံရေးဟာ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကနေ ကာလကြာရှည်အောင် သမိုင်းနဲ့ချီ ကူးလူးဆက်ဆံမှု ရှိခဲ့ပါတယ်။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေး ကာလမှာ အိန္ဒိယနိုင်ငံဟာ ဘယ်လိုအိမ်နီးချင်းမျိုး ဖြစ်နေပါသလဲ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ မွေးဖွားလာတဲ့ နွေဦးတော်လှန်ရေးဟာ အခု ၂၀၂၅ ဆိုရင် ၄ နှစ်ကျော် ကြာလာချိန်မှာ စစ်တပ်က အင်အားကြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်ဒေသအများစုကို လက်လွှတ်ထားရပါတယ်။

အင်အားကြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့၊ ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ အိန္ဒိယနိုင်ငံကရော လက်ရှိ မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲမှာ ဘယ်လိုလုပ်ဆောင်ချက်တွေ ရှိခဲ့ပါသလဲ။ အိန္ဒိယနိုင်ငံက Act East Policy လို့ခေါ်တဲ့ အရှေ့မျှော်မူဝါဒ ဆိုတဲ့ နိုင်ငံခြားရေးမူဝါဒအတိုင်း ချဉ်းကပ်နေတယ်လို့ ထုတ်ဖော်ပြောလေ့ ရှိပါတယ်။

Act East Policy ဆိုတာကတော့ အာဆီယံဒေသတွင်း တရုတ်နိုင်ငံရဲ့ အာဏာနဲ့ မဟာဗျူဟာမြောက် သြဇာလွှမ်းမိုးမှုကို တန်ပြန်တဲ့ ပေါ်လစီလို့ နားလည်ရပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးကို အရင်က ထောက်ခံခဲ့ဖူးတဲ့မှတ်တမ်း ရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ နိုင်ငံရေးအတိုက်အခံအင်အားစုတွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို တရားဝင် ထိတွေ့ဆက်ဆံတာမျိုး မရှိပါဘူး။

ဒါပေမဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူလူထုကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းနေတဲ့ ၂၀၂၁ ခုနှစ် မတ်လထဲမှာ စစ်ကောင်စီကျင်းပတဲ့ ၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို အိန္ဒိယစစ်သံမှူးက တက်ရောက်ခဲ့သလို ရေဒါ၊ လေကြောင်းရန်ကာကွယ်ရေး ပစ္စည်းများနဲ့ လက်နက်အစိတ်အပိုင်းတချို့ကို ထောက်ပံ့ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် သိပ်မကြာသေးခင် ၂၀၂၅ ဇူလိုင်လထဲမှာပဲ အိန္ဒိယစစ်တပ် ထောက်လှမ်းရေးအကြီးအကဲနဲ့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ဟာ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြသလို ဇူလိုင် ၂၁ ရက်ကပဲ အိန္ဒိယက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး သင်တန်း ပေးခဲ့ပါသေးတယ်။

ဒါဟာ အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့ အာသံလွတ်မြောက်ရေးတပ်ဦး လက်နက်ကိုင်အဖွဲ့ကို အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံ နာဂဒေသထဲအထိ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ အခုလို တွေ့ဆုံတာ၊ သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။

India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်ကတော့ အိန္ဒိယဟာ လက်ရှိအချိန်ထိ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ဂရုတစိုက်နဲ့ အလေးထား လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“အခုချိန်မှာကတော့ အိန္ဒိယနဲ့ စစ်ကောင်စီ ဆက်ဆံရေးက အိန္ဒိယအနေနဲ့ တော်လှန်ရေး အင်အားစုတွေ အပေါ်မှာ ထားတဲ့ သဘောထားထက် ပိုမြင့်တယ်လို့ ပြောလို့ရပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ငလျင်ဖြစ်ပွားပြီး နောက်ပိုင်းဆိုရင် ပုံမှန်ဆက်ဆံရေး အခြေအနေကိုတောင် ပြန်ရောက်သွားသလို ဖြစ်သွားတာပေါ့နော်။ တော်လှန်ရေးအင်အားစုတွေ ဘက်မှာကျတော့ စစ်ဘေးရှောင်တွေကို လက်ခံတဲ့ အနေအထားမှာ ဝန်ထုပ်ဝန်ပိုးအနေနဲ့ လက်ခံတဲ့အဆင့် ဖြစ်တယ်။ လုံးဝ လက်မခံလို့ မရလို့သာ လက်ခံနေတဲ့ အနေအထားဖြစ်တယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ စကားပြောတာ ဆိုရင်လည်း တကယ့်နယ်စပ်မှာ စစ်ကောင်စီက စခန်းစွန့်လွှတ်လိုက်ရလို့သာ စပြီးတော့မှ စကားပြောတဲ့ အနေအထားပေါ့နော်။ မဖြစ်မနေ ပြောဖို့လိုတဲ့ အနေအထားမှသာလျှင် ပြောဖို့အနေအထားဖြစ်တော့ ချုပ်ပြောရရင်တော့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို အိန္ဒိယအစိုးရအနေနဲ့ ဂရုတစိုက်နဲ့ အလေးထားပြီးတော့မှ ပိုလုပ်နေတယ်လို့တော့ မြင်ရတယ်။”

စစ်အာဏာသိမ်းပြီးနောက် ၁,၆၄၃ ကီလိုမီတာ ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်မှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းမတည်ငြိမ်မှုတွေကြောင့် ထောင်ပေါင်းများစွာသော စစ်ဘေးရှောင်တွေဟာ အိန္ဒိယဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။

၂၀၂၅ မတ်လအထိ အိန္ဒိယမှာ မြန်မာစစ်ဘေးရှောင် ၈၃,၀၀၀ ဝန်းကျင်ရှိတယ်လို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်အကူအညီပေးရေးအဖွဲ့ UNHCR က ထုတ်ပြန်ထားပါတယ်။

အဲဒီဒုက္ခသည်တွေထဲက ၂၆၀ ကျော်ကို အိန္ဒိယအစိုးရက နိုင်ငံခြားသားဥပဒေနဲ့ ဖမ်းဆီးထားပြီး ၁၃၄ ယောက်ကို စစ်ကောင်စီလက်ထဲ ပြန်အပ်လိုက်ပါတယ်။ ဒါကြောင့် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းတာကို ခံထားရသူတွေလည်း ရှိပါတယ်။

စစ်ကောင်စီဆီကို ဒီလို လွှဲပြောင်းပေးလိုက်တာဟာ အိန္ဒိယအစိုးရက စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ သဘောဆောင်တယ်လို့ India for Myanmar က ဆလိုင်းဒိုခါရ်က ပြောပါတယ်။

“အိန္ဒိယအစိုးရအနေနဲ့ နယ်စပ်လုံခြုံရေးကိစ္စ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ ဒါတွေ တော်တော်များများကို စစ်ကောင်စီနဲ့ ပုံမှန်အားဖြင့် စကားပြော ဆွေးနွေးလေ့ရှိတယ်။ ရှိတော့ ဒီနယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့သူ အားလုံးကို အိန္ဒိယရဲ့ ဥပဒေအရ သက်ဆိုင်ရာ တရားဝင်အစိုးရ ခေါ်မှသာလျှင် ပြန်လွှဲပေးရတဲ့ အနေအထား ဖြစ်တာပေါ့နော်။ ဆိုတော့ စစ်ကောင်စီလက်ထဲကိုပဲ အိန္ဒိယအစိုးရအနေနဲ့ တရားဝင်လမ်းကြောင်း ပုံစံနဲ့ လွှဲနေရတဲ့ အနေအထားမျိုး ဖြစ်တယ်။ ဒါက စစ်ကောင်စီဘက်က ကမ်းလှမ်းတဲ့ဟာမျိုး မဟုတ်ဘူးဆိုရင်တောင်မှ တနည်းတဖုံအရ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ လက္ခဏာတခုလို့ ရှုမြင်လို့ရတယ်။ ဆို‌တော့ ကျနော်တို့ဘက်က တောင်းဆိုချက်တွေကလည်း ပုံမှန်အားဖြင့်ဆိုရင်တော့ အခုလက်ရှိ မြန်မာနိုင်ငံမှာဆိုရင် အစိုးရက မရှိဘူး အနေအထား ဖြစ်နေတဲ့အခါကျတော့ စစ်ကောင်စီဘက်ကိုလည်း မလွှဲနဲ့၊ NUG ဘက်ကိုလည်း မလွှဲလိုဘူး ဆိုရင်တောင်မှ နယ်စပ်ကို ပို့ပြီးတော့မှ သက်ဆိုင်ရာ ပြည်သူတွေအနေနဲ့ သူတို့ဘာသာသူတို့ အဆင်ပြေတဲ့လမ်းကြောင်းကို ရွေးချယ်ခွင့်ပြုပါ ဆိုတာကို ကျနော်တို့ အကြံပြု ဆွေးနွေးတင်ပြခဲ့ပေမဲ့ အခုချိန်ထိတော့ စစ်ကောင်စီကိုပဲ တရားဝင်လွှဲတဲ့ဟာမျိုး လုပ်နေတဲ့ အခါကျတော့ စစ်ကောင်စီကို တဖက်မှာ တရားဝင်အသိအမှတ်ပြုတဲ့ လက္ခဏာဖြစ်သလို တဖက်မှာ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းမှုပေါ့နော်၊ ပြန်လွှဲဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကလည်း ကြားထဲမှာ လုပ်ငန်းစဉ်ပါတဲ့အခါကျတော့ ဒါ စစ်ကောင်စီနဲ့ ဆွေးနွေးဆက်ဆံမှုရဲ့ အစိတ်အပိုင်းတခုပဲလို့ ပြောလို့ရပါတယ်။”

ဒုက္ခသည်ကိစ္စအပြင် ရှည်လျားတဲ့ အိန္ဒိယနယ်စပ်မှာလည်း မြန်မာ့တော်လှန်ရေးအင်အားစုတွေ စစ်ရေးလှုပ်ရှားနေတာတွေ ရှိနေပါတယ်။ အဲဒီတော်လှန်ရေးတပ်တွေအပေါ် အိန္ဒိယရဲ့ ဆက်ဆံရေးကလည်း ထူးမခြားနားပါ။

၂၀၂၃ ဇန်နဝါရီမှာ မြန်မာစစ်တပ်က အိန္ဒိယလေပိုင်နက်ကို အသုံးပြုပြီး နယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို ဗုံးကြဲခဲ့ပါတယ်။

ဒီလို အိန္ဒိယလေပိုင်နက်ကို အသုံးပြုခဲ့တဲ့အပေါ် အိန္ဒိယအစိုးရဘက်က တုံ့ပြန်ခြင်းမရှိခဲ့သလို ဒီနှစ် မေလကလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ တမူးခရိုင် ပကဖ ရဲဘော် ၁၀ ယောက်ကို အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Maraland Defense Force(MDF) ဒုဥက္ကဋ္ဌကို ဒီနှစ် ဇူလိုင် ၂၁ ရက်က မီဇိုရမ်ပြည်နယ်မှာ ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက “အဲဒါက အခုလက်ရှိမှာတော့ သူတို့ ပြန်ပို့နေတဲ့ ကိစ္စတွေ၊ နယ်စပ်မှာ နိုင်ငံရေးအရ လှုပ်ရှားမှုရှိနေတယ်လို့ သံသယရှိရင် ဖမ်းဆီး အရေးယူတာတွေ၊ သတ်ဖြတ်တာတွေအထိ ဖြစ်တယ်ဆိုတာတွေ ဖြစ်တယ်။ ဒါကလည်း စစ်ကောင်စီနဲ့ သဘောတူညီချက်ယူပြီးတော့ သူတို့ရဲ့ နယ်စပ်ဒေသ ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားခဲ့တဲ့ ကြိုးစားမှုအောက်ကနေ ဆက်သွားနေတာ” လို့ ပြောပါတယ်။

ဒီလိုအကျပ်အတည်းတွေ ရှိနေပေမဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ အရေးပါတဲ့ အင်အားစုတရပ်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အိန္ဒိယအပေါ် သဘောထားကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

NUG နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက အိန္ဒိယနိုင်ငံနဲ့ ပတ်သက်ပြီး DVB ရဲ့ မေးမြန်းချက်တွေအပေါ် မှတ်ချက်ပြုထားတာ ရှိပါတယ်။ အိန္ဒိယဟာ အရေးပါတဲ့ အိမ်နီးချင်းဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကျိုးစီးပွားအတွက် ဆက်ဆံရေး တည်ဆောက်လိုကြောင်း ပြောဆိုထားပါတယ်။

“အိန္ဒိယနိုင်ငံက ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ အားလျော်စွာ ကျနော်တို့အစိုးရအနေနဲ့ အိန္ဒိယနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အမြဲကြိုးစားလျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဒေသ၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ တခြား နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ကျနော်တို့ နားလည်ပြီး ကျနော်တို့ တတ်နိုင်တဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ ကူညီဖို့ အဆင်သင့်ရှိပါတယ်။ မြန်မာပြည်အတွင်းမှာ အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေနဲ့ ပတ်သက်ရင်လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ တချိန်တည်းမှာလည်း အိန္ဒိယအစိုးရအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် မိမိတို့ အကျိုးစီးပွားသာမကဘဲ ကျနော်တို့ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်ဖို့ ကြိုးစားတဲ့နေရာမှာ အကူအညီပေးဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။ ဥပမာ စစ်ကောင်စီက လုပ်မယ်ဆိုတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲလိုမျိုး သူတို့ ထွက်ပေါက်ရပြီး တိုင်းပြည်ကို ရေရှည်ထိန်းချုပ် ဒုက္ခပေးဖို့ ကြိုးစားတဲ့ ကိစ္စတွေမှာ အကူအညီမပေးဖို့ လိုပါတယ်။ စစ်ကောင်စီနဲ့ ဆက်ဆံမှုတွကို လျှော့ချပြီး ကျနော်တို့ တော်လှန်ရေးအင်အားစုများနဲ့လည်း တန်းတူညီမျှ ဆက်ဆံဖို့၊ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း ပွင့်လင်းမြင်သာစွာ ဆက်ဆံဖို့၊ အသိအမှတ်ပြုဖို့၊ အကူအညီပေးဖို့လည်း လိုအပ်ပါမယ်။ မြန်မာ့အရေးကိစ္စကို အာဆီယံ အပါအဝင် ကုလသမဂ္ဂနဲ့ တခြား သက်ဆိုင်ရာနိုင်ငံများနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်စေလိုပါတယ်။”

တခြားဘက်မှာလည်း အိန္ဒိယရဲ့ နှစ်ရှည်တည်ဆောက်ခဲ့တဲ့ ကုလားတန်မြစ် ဘက်စုံစီမံကိန်းလို စီမံကိန်းတွေဟာ လက်ရှိမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

အဲဒီစီမံကိန်းကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ၂၀၀၈ မှာ အိန္ဒိယနဲ့ သဘောတူ လက်မှတ်ထိုးခဲ့တာပါ။

အဲဒီစီမံကိန်းကို ၂၀၂၇ မှာ အပြည့်အဝ လည်ပတ်နိုင်မယ်လို့ အိန္ဒိယရဲ့ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေကြောင်းဝန်ကြီးဌာနက ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အဲဒီစီမံကိန်းနေရာကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတာပါ။ ဒါကြောင့် အိန္ဒိယရဲ့ Act East Policy “အရှေ့မျှော်မူဝါဒ” အတွက် နေပြည်တော်နဲ့ပဲ ဆက်ဆံတဲ့နည်းလမ်းက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက “အရင်တုန်းက အိန္ဒိယ Act East Policy အရ သူက နေပြည်တော်အစိုးရကို ဆက်ဆံပြီးတော့ ဒီဆက်ဆံမှုကနေတဆင့် အာဆီယံနိုင်ငံတွေကနေ ချိတ်ဆက်ပြီးတော့ ကုန်သွယ်ရေးကတဆင့် တခြားချိတ်ဆက်မှုတွေနဲ့ ပိုပြီးတော့ ဖြန့်ကျက်ဖို့ သူတို့ ကြံစည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ မတည်မငြိမ်ဖြစ်လာတဲ့ အခြေအနေရယ်၊ သူတို့ရဲ့ နေပြည်တော်နဲ့ ဆက်ဆံတဲ့ဟာနဲ့ မလုံလောက်တော့တဲ့ အခြေအနေရယ်၊ အထူးသဖြင့်တော့ အိန္ဒိယ-ထိုင်း ပရောဂျက်တွေ၊ အိန္ဒိယ-တရုတ် ပရောဂျက်တွေနဲ့ ချိတ်ဆက်နေတဲ့ ပလက်ဝတို့၊ တခြား စစ်ကိုင်းတို့၊ သူတို့ ဖြတ်ရမယ့်နေရာတွေ၊ အဲ့ဟာတွေ နေရာတော်တော်များများက နေပြည်တော်အစိုးရနဲ့ အုပ်ချုပ်မှုနဲ့ လွှမ်းမိုးနိုင်မှုအောက်မှာ မရှိတော့တဲ့အတွက်ကြောင့်မို့ သူတို့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးရမယ့်ကိစ္စ၊ ဒါမှမဟုတ် ဒီဟာတွေ မပြီးမယ့်ကိစ္စကို စိုးရိမ်မှုရှိလာတယ်။ အဲ့အတွက်ကြောင့်မို့ နဂို မိုဒီ ဆက်ဆံခဲ့တဲ့ ပုံစံ၊ နေပြည်တော်အစိုးရ စစ်ကောင်စီနဲ့ ဆက်ဆံတဲ့ဟာက မလုံလောက်ဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်လာတယ် ဆိုပြီးတော့ ပြောနေ ဆိုနေတဲ့ အိန္ဒိယ ပညာရှင်တွေ၊ သုံးသပ်သူတွေ၊ ထောက်ပြနေတဲ့သူတွေ ရှိတယ်” လို့ ပြောပါတယ်။

အိန္ဒိယနယ်စပ်မြို့ မိုရေးကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံ မယ်ဆော့ကို ချိတ်ဆက်ပေးထားတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်လမ်း စီမံကိန်းဟာလည်း သတ်မှတ်ရက်များစွာ ကျော်လွန်နေတာလည်း ဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဆိုပေမဲ့ မြန်မာနိုင်ငံဘက်က လမ်းပိုင်းကတော့ ၂၀၂၆ ခုနှစ်မှသာ ပြီးစီးနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။

အိန္ဒိယဟာ သူ့ရဲ့မူဝါဒအတိုင်း နေပြည်တော်နဲ့ ဆက်လက်ပြီး ဆက်ဆံရေး တည်ဆောက်နေသလို သူ့ရဲ့ မဟာဗျူဟာမြောက် စီမံကိန်းတွေအရ နေပြည်တော် တခုတည်းနဲ့ ဆက်ဆံရေး မလုံလောက်ဘူးလို့ စဉ်းစားနေတာတွေ ရှိလာတယ်လို့လည်း အိန္ဒိယ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ဒီအချက်အပေါ် အသုံးချတတ်ရင်တော့ အိန္ဒိယဟာ မြန်မာ့နွေဦးအတွက် အသက်သွေးကြော အိမ်နီးချင်းကောင်းတွေ ဖြစ်လာမယ်လို့လည်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။

ဒေါက်တာ စိုင်းကြည်ဇင်စိုးက “ဘာပဲဖြစ်ဖြစ် အိန္ဒိယကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ရှင်သန်အောင် ကြိုးစားနေတဲ့ နိုင်ငံတွေထဲမှာ ပါတယ်။ ကျနော်တို့ ဒီတော်လှန်ရေးအင်အားစုတွေနဲ့ စကားနီးနီးစပ်စပ်တူတဲ့ဟာတွေက လူ့အခွင့်အရေး အခြေပြုသဘောတရားတွေ တူတယ်။ ဒီမိုကရေစီအခြေပြု သဘောတရားတွေ တူတယ်။ ဖက်ဒရယ်ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ဟာတွေ တူတယ်။ အဲလိုမျိုး တူညီနေတဲ့ ခေါင်းစဉ်တွေအောက်ကနေ ပိုပြီး‌တော့ ချိတ်ဆက်ရ၊ ပေါင်းသင်းရ ရနိုင်တဲ့ လမ်းကြောင်းတွေ ရှိတယ်။ အခုလောလောဆယ်တော့ အဲဒီ ပေါင်းသင်းဆက်ဆံမှုက ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံမှု မရှိသေးဘူး။ စစ်ကောင်စီနဲ့ပဲ သူ့ရဲ့ အကျိုးစီးပွား လုံခြုံရေးအရ ပါဝင်ပတ်သက်မှုတွေ ရှိနေသေးတယ်။ ဆိုတော့ အဲဒီအနေအထားမျိုး ရှိနေတဲ့ဟာဆို‌တော့ ကျနော်တို့ ကြည့်မယ်ဆိုရင် တရုတ်နဲ့ ထိုင်းနဲ့စာရင် အိန္ဒိယက ခုနက တူညီနေတဲ့ ခေါင်းစဉ်တွေနဲ့ အဲလို တူညီမှုရှိနေတဲ့အခါမှာ လူလူချင်း ချိတ်ဆက်မှုရော၊ နောက်ပြီးတော့ အစုအဖွဲ့တွေ ချိတ်ဆက်မှုရော၊ သက်ဆိုင်ရာ အာဏာပိုင် အစုအဖွဲ့တွေ၊ ဒါမှမဟုတ် နိုင်ငံရေး ခေါင်းဆောင်တွေအားဖြင့် ပိုပြီးတော့ ဒီတူညီတဲ့ ခေါင်းစဉ်တွေအောက်ကနေ ပိုပြီးတော့ ချိတ်ဆက်မှုတွေ လမ်းကြောင်းတွေ ဖော်ဆောင်နိုင်ဖို့တော့ ရနိုင်တဲ့ နိုင်ငံထဲမှာ ရှိနေတယ်လို့ ကျနော်တို့ မျှော်လင့်လို့ရတယ်” လို့ ပြောပါတယ်။

India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ် ကလည်း “အိန္ဒိယက ချဉ်းကပ်ရင် ချဉ်းကပ်နိုင်သလို အများကြီး အကျိုးပြုနိုင်တာတွေ ရှိပါတယ်။ ဘယ်လောက်ထိ အိန္ဒိယရဲ့ အရေးပါမှုတွေကို ကျနော်တို့ အသုံးပြုလို့ရသလဲဆိုရင် ရှင်းရှင်းပြောရရင် နိုင်ငံတကာ လက်နက်ဝယ်ယူရေး ကိစ္စဟာမျိုးတောင်မှ အိန္ဒိယနိုင်ငံက လမ်းမဖွင့်ပေးဘူးဆိုရင် မရတဲ့ အနေအထား ဖြစ်တယ်။ ယူအက်စ်က ကူညီမယ်ဆိုတဲ့ Burma Act ဘောင်အရ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု ကိစ္စတွေ၊ လက်နက်မပါတဲ့ တခြားအကူအညီတွေလည်း အိန္ဒိယက လမ်းဖွင့်ပေးမှသာလျှင် ရတယ်။ ဒီဟာ ကျနော်တို့ အသုံးချတတ်ရင်တော့ အိန္ဒိယက တကယ့် တော်လှန်ရေးအတွက် အသက်သွေးကြော အိမ်နီးချင်းကောင်း ဖြစ်မှာပေါ့။ ဒီ အိန္ဒိယအရေးနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ရဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အိန္ဒိယနိုင်ငံအပေါ် ချဉ်းကပ်မှု စွမ်းဆောင်ရည်အပေါ်မှာ မူတည်တယ်လို့တော့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနဲ့ အိန္ဒိယတို့ရဲ့ သံတမန်ဆက်ဆံရေးဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့နေ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်က တရားဝင် စတင်ခဲ့တာကြောင့် နှစ်ပေါင်း ၇၇ နှစ်ကျော် ကြာပြီ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်ကို အလေးသာနေတဲ့ အိန္ဒိယရဲ့ မူဝါဒတွေကို ပြောင်းလဲနိုင်ဖို့ကတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စုပေါင်းကြိုးစားရဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။

မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024