Home
ဆောင်းပါး
မြန်မာအွန်လိုင်းငွေလိမ်ပြဿနာကို အာဆီယံ ဥက္ကဋ္ဌ မလေးရှား ဖြေရှင်းနိုင်မလား
DVB
·
July 26, 2025

အာဆီယံရဲ့ အစဉ်အလာဖြစ်တဲ့ 'ကြားဝင်မစွက်ဖက်ရေး' မူဝါဒဟာ ၂၀၂၁ ခုနှစ် မြန်မာ့စစ်အာဏာသိမ်းမှုကို တုံ့ပြန်ဖြေရှင်းတဲ့နေရာမှာ ကြီးမားတဲ့စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။

"ဘုံသဘောတူညီချက် ၅ ချက်" အဆိုပြုချက်ဟာလည်း တိုးတက်မှုအနည်းငယ်သာ ရှိခဲ့ပါတယ်။ အဓိကအတားအဆီးကတော့ အာဆီယံရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ 'အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချုပ်' အရ အဖွဲ့ဝင်နိုင်ငံအချင်းချင်းရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုတဲ့အချက်ပါပဲ။ ဒီလို ကိုယ့်ဘာသာကိုယ် ချမှတ်ထားတဲ့ တုံ့ဆိုင်းနေမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေအပေါ် အာဆီယံဟာ ဘာမှဟုတ်တိပတ်တိ မလုပ်နိုင်ဘဲ လက်မှိုင်ချနေရတယ်လို့ စွပ်စွဲခံနေရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအာဏာ ယိုယွင်းပြိုကွဲလာတာနဲ့အမျှ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေဟာလည်း အဆမတန် တိုးပွားလာနေပါတယ်။ အာဆီယံအနေနဲ့ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံဟာ ဒေသတွင်းစီးပွားရေးကို ထိခိုက်စေတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အပြင် ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှုလုပ်ငန်းတွေအတွက် အဓိကနေရာတခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလုပ်ငန်းတွေဟာ အွန်လိုင်းအလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ လူတွေကို အရင်ဦးဆုံးဆွဲဆောင်ပါတယ်။ ပြီးမှ ခြိမ်းခြောက်နှိပ်စက်တာတွေ၊ အတင်းအကျပ်စေခိုင်းတာတွေပြုလုပ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း နေရာတွေကို ပို့ဆောင်ပါတယ်။ အဲ့ဒီကမှတဆင့် လိမ်လည်ခံရသူတွေကို တခြားသူတွေကို အွန်လိုင်းကနေ ထပ်မံလိမ်လည်ခိုင်းပြန်ပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က အရှေ့တောင်အာရှကို "ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းငွေလိမ်လုပ်ငန်းရဲ့ ဗဟိုချက်" လို့တောင် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်း အဲ့ဒီလို ငွေလိမ်လုပ်ငန်းတွေ ရှိနေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလောက်တော့ မဆိုးရွားပါဘူး။ မြန်မာနိုင်ငံမှာကတော့ အဲ့ဒီလုပ်ငန်းနေရာတွေဟာ စစ်ကောင်စီ ဒါမှမဟုတ် တရားဝင်အစိုးရအာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့အပြင် ပြည်သူ့စစ်တွေနဲ့ စစ်ဘုရင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ အရေးယူမခံရဘဲ လည်ပတ်နေကြတဲ့အတွက် မိုးဦးပေါက်မှိုတွေလို အပြိုင်းအရိုင်းတည်ရှိနေကြတာပါ။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ကြားဝင်မစွက်ဖက်ရေးမူ

အာဆီယံရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုမိုပြတ်သားပြီး လက်တွေ့ကျကျ ဖြေရှင်းမယ့် ရပ်တည်ချက်တခုကို အဆိုပြုခဲ့ပါတယ်။ ဒီရပ်တည်ချက်ထဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြင် စစ်ကောင်စီနဲ့ပါ ထိတွေ့ဆက်ဆံဖို့ ပါဝင်ပါတယ်။

ဒီအချက်ဟာ အာဆီယံရဲ့ ဝင်မစွက်ဖက်ရေးမူအတွက် စိန်ခေါ်မှုတခုဖြစ်ပေမဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရဲ့ အန္တရာယ်ကို တိုက်ဖျက်ဖို့အတွက်လည်း မဖြစ်မနေ လိုအပ်နေပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ အရှေ့နှင့် အရှေ့တောင်အာရှဒေသတခုလုံးမှာ ၂၀၂၃ ခုနှစ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြောင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံအထိ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ တရုတ်သရုပ်ဆောင်တယောက် ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရကာ မြန်မာနိုင်ငံထဲကို ခေါ်ဆောင်သွားခံရတဲ့နောက်ပိုင်းမှာတော့ ဒီပြဿနာဟာ ခရီးသွားလုပ်ငန်းအထိ ကူးစက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွားဦးရေဟာ သိသိသာသာ ထိုးကျသွားခဲ့ပါတယ်။

ဒီကိစ္စအတွက် အာဆီယံကတုံ့ပြန်ရာမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေရော ဒေသတွင်းကြိုးပမ်းမှုတွေပါ ပါဝင်ပါတယ်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ဟာ လူကုန်ကူးခံရတဲ့ သူတို့နိုင်ငံသားတွေကို ကယ်တင်တဲ့စစ်ဆင်ရေးတချို့ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် အာဆီယံ နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး (AMMTC) နဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMTC) တို့ကလည်း လုပ်ငန်းစီမံချက်တခုကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်ထပ်စိန်ခေါ်မှုကလည်းရှိနေပါတယ်။ ဒီခြိမ်းခြောက်မှုရဲ့ ကြီးမားတဲ့အတိုင်းအတာနဲ့ ပြောင်းလဲနေတဲ့သဘောသဘာဝကို ကိုင်တွယ်နိုင်မယ့် ရေရှည်ခိုင်မာပြီး ညှိနှိုင်းဆောင်ရွက်မှုရှိတဲ့ ဒေသတွင်းမဟာဗျူဟာတခုအဖြစ် အသွင်ပြောင်းလဲရေးပဲ ဖြစ်ပါတယ်။

ဒီငွေလိမ်လုပ်ငန်းတွေရဲ့ နယ်စပ်ဖြတ်ကျော်သဘောသဘာဝကြောင့် အားလုံးညှိနှိုင်းပူးပေါင်းပြီး တုံ့ပြန်ဖို့ လိုအပ်ပါတယ်။ အာဆီယံရဲ့ လက်ရှိဥပဒေစိုးမိုးရေးဆိုင်ရာ နည်းစနစ်တွေ တိုးတက်ပြောင်းလဲနေပေမဲ့ နယ်စပ်ဖြတ်ကျော် ဆိုင်ဘာရာဇဝတ်မှုတွေရဲ့ ရှုပ်ထွေးမှုကို လျင်မြန်စွာတုံ့ပြန်နိုင်ဖို့အတွက် လုံလောက်တဲ့အခြေအနေမှာ မရှိသေးပါဘူး။

ပွင့်လင်းမြင်သာမှု၊ တရားဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ပူးတွဲစုံစမ်းစစ်ဆေးမှု၊ တရားစွဲဆိုမှုတွေကို အဆင်ပြေချောမွေ့စေမယ့် မူဘောင်တွေ ချမှတ်ရာမှာ အာဆီယံရဲ့ ဝင်မစွက်ဖက်ရေးမူဟာ အဓိကအတားအဆီးတခု ဖြစ်နေပါတယ်။

၂၀၂၅ ခုနှစ်မှာ မလေးရှားနိုင်ငံရဲ့ ဥက္ကဋ္ဌသက်တမ်းအတွင်း ကျင်းပခဲ့တဲ့ လန်ကာဝီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ကတိပြုခဲ့ကြပါတယ်။ ဒီအရေးကြီးတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ငန်းအဖွဲ့အသစ်တွေ ဖွဲ့စည်းတာမျိုးကိုတောင် ထောက်ခံခဲ့ကြပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ တိုက်ရိုက်လုပ်ဆောင်နိုင်တဲ့ အခွင့်အာဏာ မရှိသေးပါဘူး။ ဒါပေမဲ့ ဒီကြိုးပမ်းမှုတွေဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ "အခွင့်အရေးကိုအခြေခံတဲ့ အုပ်ချုပ်မှုပုံစံ"ဆီကို ဦးတည် နေတယ်ဆိုတာ ပြသနေပါတယ်။

ပူးပေါင်းဆောင်ရွက်ခြင်း (သို့) စည်းလုံးညီညွတ်မှုအဖြစ် ရှုမြင်ခြင်း

မြန်မာနိုင်ငံမှာ AMMTC နဲ့ SOMTC တို့ရဲ့ လုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့အတွက် မလေးရှားနိုင်ငံဟာသူ့ရဲ့ ဥက္ကဋ္ဌသက်တမ်းအတွင်းမှာ လက်တွေ့ကျတဲ့ ပြောင်းလဲမှုတခုကို ဦးဆောင်နိုင်ပါတယ်။

ပထမဆုံးအနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ဥပဒေစိုးမိုးရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်မယ့် "ဆိုင်ဘာရာဇဝတ်မှုဆိုင်ရာ ဘူဒါပတ်စ် သဘောတူညီချက် (Budapest Convention on Cyber crime)" ကို အာဆီယံနိုင်ငံတွေ ပိုမိုပါဝင်လာရေးအတွက် တိုက်တွန်းနိုင်ဖို့ဖြစ်ပါတယ်။ 

ဘူဒါပတ်စ် သဘောတူညီချက်ဟာ ဆိုင်ဘာရာဇဝတ်မှုနဲ့ ဥပဒေစိုးမိုးရေးအေဂျင်စီတွေအကြား သက်သေအထောက်အထား မျှဝေရာမှာ အပြန်အလှန်ကူညီရေးကို အကျုံးဝင်တဲ့ တခုတည်းသော ဥပဒေအရ စည်းနှောင်အားရှိတဲ့ စာချုပ်ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်တွေထဲမှာ ဖိလစ်ပိုင်တနိုင်ငံတည်းသာ ဒီစာချုပ်ကို အတည်ပြုလက်မှတ်ထိုးထားပါသေးတယ်။

နောက်တခုကတော့ ၂၀၂၅ ခုနှစ်အကုန်မှာ အတည်ပြုဖို့ရှိနေတဲ့ "ကုလသမဂ္ဂ ဆိုင်ဘာရာဇဝတ်မှု တိုက်ဖျက်ရေး သဘောတူညီချက် (United Nations Convention against Cyber crime)" ဖြစ်ပါတယ်။ ဒီစာချုပ်နှစ်ခုကြားမှာ အရေးပေါ်အခြေအနေတွေမှာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရေးနဲ့ ဒစ်ဂျစ်တယ်သက်သေအထောက်အထားတွေ ပိုမိုဖော်ထုတ်ရယူနိုင်ရေးလို သိသာတဲ့ကွာခြားချက်တွေ ရှိပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေသာ ဒီသဘောတူညီချက်နှစ်ခုလုံးမှာ ပါဝင်လာမယ်ဆိုရင် ဥပဒေစိုးမိုးရေးအေဂျင်စီတွေအနေနဲ့ ငွေလိမ်လုပ်ငန်းတွေကနေ လူကုန်ကူးခံရသူတွေကို ကယ်တင်တဲ့နေရာမှာ ပိုမိုမြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငွေလိမ်ခံရသူတွေ နေထိုင်ရာ အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေက အာဏာပိုင်တွေနဲ့လည်း ပိုမိုကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်ခြေလှမ်းတခုကတော့ အာဆီယံရဲ့ ၂၀၀၄ ခုနှစ် "အပြန်အလှန် တရားဥပဒေအကူအညီပေးရေး သဘောတူစာချုပ်"ကို ခေတ်နဲ့အညီ ပြင်ဆင်မွမ်းမံခြင်း ဖြစ်ပါတယ်။ ဒီစာချုပ်ဟာ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်တခု ဖြစ်ပေမဲ့ ဆိုင်ဘာရာဇဝတ်မှု ဒါမှမဟုတ် ဒစ်ဂျစ်တယ်သက်သေအထောက်အထားဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းဖို့ တရားဝင်ပြင်ဆင်ထားခြင်း မရှိသေးပါဘူး။ ဒီစာချုပ်ကို ပြန်လည်ပြင်ဆင်ခြင်းအားဖြင့် လက်ရှိမူဘောင်တွေကို ဖြည့်စွက်နိုင်မှာဖြစ်ပြီး ဆိုင်ဘာရာဇဝတ်မှု နှိမ်နင်းရေးမှာ နိုင်ငံအချင်းချင်းရဲ့ တရားဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

မလေးရှားအနေနဲ့ အာဆီယံအစိုးရများအကြား လူ့အခွင့်အရေးဆိုင်ရာကော်မရှင် (AICHR) ရဲ့ လုပ်ပိုင်ခွင့်ကို တိုးချဲ့ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်တဲ့ ချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာရေး ထည့်သွင်းဖို့ အဆိုပြုသင့်ပါတယ်။ လူကုန်ကူးမှုဆိုင်ရာ ဒေသတွင်း အထူးကိုယ်စားလှယ် ဒါမှမဟုတ် ဆိုင်ဘာအမြတ်ထုတ်မှုတွေကို အဓိကထားဆောင်ရွက်မယ့် အထူးလုပ်ငန်းအဖွဲ့တခုဟာ လူသားလုံခြုံရေးကို ပိုမိုအာရုံစိုက်လာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။

မလေးရှားအနေနဲ့ လူသားချင်းစာနာမှုနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဝင်ရောက်စွက်ဖက်ခြင်းအဖြစ်မဟုတ်ဘဲ စည်းလုံးညီညွတ်မှုအဖြစ် ပုံဖော်တင်ပြရပါမယ်။ ဒီလို တင်ပြပုံတင်ပြနည်း ပြောင်းလဲခြင်းဟာ မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်းကပ်ဘေးနဲ့ လက်ရှိလူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ သတိကြီးစွာထားတတ်တဲ့ အာဆီယံအဖွဲ့ဝင်တွေရဲ့ ဘုံသဘောတူညီချက်ကို ရရှိဖို့ အဓိကသော့ချက် ဖြစ်ပါတယ်။

လျူဝေယိ နှင့်  အက်စ်ရှာဟမ်ရာဂျနီ

( စင်ကာပူ အခြေစိုက် Channel News Asia သတင်းဌာန ဝက်ဘ်ဆိုက်တွင် လျူဝေယိ နဲ့ အက်စ်ရှာဟမ်ရာဂျနီတို့ ရေးသားထားသည့်  “Can Malaysia nudge ASEAN beyond non-interference to tackle the scam crisis in Myanmar?” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ လျူဝေယိ  (Liu Weiyi) သည် နိုင်ငံတကာဆက်ဆံရေးပညာ မဟာသိပ္ပံကျောင်းသားတဦးဖြစ်ပြီး၊ အက်စ်ရှာဟမ်ရာဂျနီ (Asha Hemrajani)သည် အမျိုးသားလုံခြုံရေးဆိုင်ရာ ထူးချွန်စင်တာမှ အကြီးတန်းသုတေသီတဦး ဖြစ်ပါသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024