
အာဆီယံ ဘုံသဘောတူဆုံးဖြတ်ချက် ၅ ရပ်ကို မလိုက်နာခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနှစ်အကုန်မှာလုပ်မယ့် ရွေးကောက်ပွဲကနေ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအစိုးရတရပ်အဖြစ် ပုံဖော်ပြီး အာဆီယံစင်မြင့်ထက်ကို တက်လှမ်းဖို့ ကြိုးစားနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။
အတုအယောင် ရွေးကောက်ပွဲကနေ စစ်တပ်က ဖန်တီးပေးမယ့် အစိုးရကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အာဆီယံက လက်ခံမလား ဆိုတာဟာ အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ အကျေအလည်ဆွေးနွေးပြီး ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်လာတော့မှာ ဖြစ်သလို လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ရပ်တည်ချက်တွေက ဝေဝါးနေတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပါတယ်။
မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘုံသဘောထား ၅ ချက်ကို လိုက်နာဖို့နဲ့ လူသားချင်းစာနာမှု အကူညီတွေ ပေးဖို့ ဆိုတာတွေကိုသာ ဖော်ပြထားပြီး စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ်မှာ ဝေဖန်အပြစ်တင်ခဲ့တာတွေ မရှိခဲ့ပါဘူး။
အဲဒီအချက်အပြင် စစ်တပ်ကကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို အာဆီယံဘက်က သတိပေးဟန့်တားတာ မလုပ်တာကြောင့် သွယ်ဝိုက်ပြီး အကာအကွယ်ပေးနေတယ်လို့ ထင်မြင်မိတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ဇူလိုင် ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
တော်လှန်ရေးတရပ်ကို ဆင်နွှဲတဲ့အခါမှာ အာဆီယံနိုင်ငံတွေရဲ့ ထောက်ခံမှုဟာ တော်လှန်ရေး အောင်မြင်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကြောင့် လက်ရှိ အာဆီယံရဲ့ မြန်မာနိုင်ငံရေးနဲ့ပတ်သတ်ပြီး ရှုမြင်မှုအပေါ် ပြောင်းလဲလာမှုတွေဟာ သတိထားရမယ့် အခြေအနေ ရှိတယ်လို့ ဖက်ဒရယ်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရှိန်းထွန်းက ပြောပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ကတော့ လက်ရှိ စစ်အာဏာရှင် တော်လှန်ရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ထောက်ခံမှုဟာ တော်လှန်ရေး အောင်မြင်ဖို့အတွက် အခရာကျတဲ့နေရာမှာ ရှိမနေဘဲ တော်လှန်ရေးတရပ် ဆင်နွှဲနိုင်ရေးအတွက် အားဖြစ်စေနိုင်တဲ့ ထောက်ခံမှုမျိုးသာ ဖြစ်တယ်လို့ ပြောပါတယ်။
အာဆီယံဟာ စစ်ကောင်စီက ကျင်းပပြီးတဲ့အခါမှာ ပေါ်လာတဲ့အစိုးရကို မြန်မာနိုင်ငံကိုယ်စားပြု အစိုးရအနေနဲ့ အသိအမှတ်ပြုနိုင်ရေး မပြုနိုင်ရေးဟာ စိတ်ဝင်စားဖို့ကောင်းပေမဲ့ အဲဒီအစိုးရတရပ် ပေါ်ပေါက်လာဖို့အတွက် အာဏာသိမ်းစစ်တပ်က ဘယ်လိုအခင်းအကျင်းမျိုးနဲ့ ရွေးကောက်ပွဲကို ကျင်းပမလဲ ဆိုတာကို ပိုစိတ်ဝင်စားမိတယ်လို့ ဆိုပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံဘက်ကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က သဘောတူညီခဲ့ပြီး ရွေးကောက်ပွဲအစား ငြိမ်းချမ်းရေး ကတိကဝတ်တွေကို လိုက်နာဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့ကြောင်း ဇူလိုင် ၁၁ ရက်မှာ ပြောဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီဘက်က လက်လွှတ်ထားရတဲ့ နယ်မြေတွေ အများအပြား ရှိနေပေမဲ့ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်မယ်လို့ ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီဘက်က ယုံကြည်ထားပါတယ်။
အဲဒီအပြင် ရွေးကောက်ပွဲကသာ လက်ရှိမြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်က လက်ရှိရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၀၀ ကျော်မှာ ကျင်းပဖို့ ပြင်ဆင်ထားပြီး ရွေးကောက်ပွဲစနစ်ကို နိုင်သူအကုန်ယူစနစ်ရော အချိုးကျ ကိုယ်စားပြုစနစ်နဲ့ပါ ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အောင်သူ