Home
မြန်မာသတင်း
စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲကို တအာင်း(ပလောင်) အမျိုးသားပါတီ ရှုတ်ချ 
DVB
·
July 12, 2025

အာဏာသိမ်း စစ်ကောင်စီ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ရှုတ်ချတယ်လို့ တအာင်း(ပလောင်) အမျိုးသားပါတီက ထုတ်ပြန်လိုက်ပါတယ်။

တအာင်း(ပလောင်) အမျိုးသားပါတီ၊ ဗဟိုကော်မတီက ခြောက်လပတ် ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးက ထွက်ရှိလာတဲ့ သဘောထားတွေကို ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။

ဇွန် ၂၇ ရက်မှ ၂၉ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးကို ပါတီဗဟိုကော်မတီဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့၊ လေ့လာသူ စုစုပေါင်း အယောက် ၆၀ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနဲ့ ပါတီလက်စွဲတွေကို သုံးသပ်ပြင်ဆင်ဖြည့်စွက်ခဲ့တဲ့အပြင် ရှေ့လုပ်ငန်းစဉ်အသီးသီးကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို သုံးသပ်ခဲ့ကြပြီး စစ်ကောင်စီရဲ့ ဟန်ပြငြိမ်းချမ်းရေးဖိုရမ်က ပဋိပက္ခကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း၊ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းမှုကို ရှုတ်ချကြောင်း၊ စစ်ကောင်စီဟာ နိုင်ငံတော်အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားနေတာသာ ဖြစ်ကြောင်း၊ စစ်ကောင်စီရဲ့ လူသားမဆန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အရေးယူဖို့ တိုက်တွန်းကြောင်းနဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ကနေ တအာင်းပြည်ကောင်စီ (TLC)  အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တာကို ကြိုဆိုထောက်ခံပြီး တအာင်းပြည်တော်လှန်ရေးကာလ အစိုးရအစီအမံမှာလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါ့အပြင် တအာင်း(ပလောင်)အမျိုးသားပါတီအနေနဲ့ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို ပြည်သူလူထုတရပ်လုံးနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013