
မလေးရှားအစိုးရက တရားမဝင်ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေကို ပြန်ပို့တာတွေ ဆက်တိုက် လုပ်နေတာကြောင့် စိုးရိမ်စရာအခြေအနေ ဖြစ်နေတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ရှာဖွေ ဖမ်းဆီးနေသလို ဖမ်းမိသူတွေကို သက်ဆိုင်ရာနိုင်ငံဆီ ပြန်လည်ပို့ဆောင်နေတာဖြစ်ပြီး နိုင်ငံရေးအခြေအနေ ဆိုးရွားမှုနဲ့ ကြုံနေရတဲ့ မြန်မာလုပ်သားတွေအတွက် နိုင်ငံအတွင်း ပြန်ရောက်ရင် အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။
မလေးရှားရောက် မြန်မာလုပ်သားတယောက် “ဒီရက်ပိုင်းထဲ ဖမ်းမိပြီး ပြန်ပို့တဲ့သတင်းတွေ တွေ့ရတယ်။ ဒီမှာရှိနေတဲ့သူတွေက ဖမ်းပြီး ထောင်ကျမှာထက် မြန်မာနိုင်ငံကို ပြန်ပို့ခံရမှာကို ကြောက်ကြတာ” လို့ ပြောပါတယ်။
မလေးရှားအစိုးရက ပြန်ပို့တဲ့ မြန်မာလုပ်သားတွေကို စစ်ကောင်စီလက်ထဲ အပ်တာဖြစ်လို့ လူငယ်ပိုင်းတွေအဖို့ စစ်မှုထမ်းခံရနိုင်တဲ့ အန္တရာယ် ရှိနေတာလို့ အဲဒီနိုင်ငံရောက် အလုပ်သမားအရေး ကူညီနေသူတွေကလည်း ဆိုပါတယ်။
မလေးရှားမတိုင်ခင် ထိုင်းနိုင်ငံက ဖမ်းမိတဲ့ မြန်မာလုပ်သားတွေကို စစ်ကောင်စီလက်ထဲအပ်တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။
မလေးရှားနိုင်ငံက မြန်မာလုပ်သားတွေကို တရားဝင်ခေါ်ယူတာကို လျှော့ချထားတာကြောင့် တရားမဝင် လမ်းကြောင်းကနေ သွားရောက်သူတွေ အများအပြားရှိနေသလို ဖမ်းဆီးခံရတာတွေလည်း မကြာခဏ ရှိနေပါတယ်။
ရွှေ့ပြောင်းအလုပ်သမားအရေး စောင့်ကြည်သူတယောက်က “အာဏာသိမ်းပြီးလို့ စစ်မှုထမ်းကိစ္စ စလိုက်တဲ့နောက်မှာ ခိုးထွက်တာတွေ ပိုများလာတာ။ မလေးရှားကို အောက်လမ်းကသွားရင်း ထိုင်းမှာ ဖြတ်အဖမ်းခံရတာတွေ ရှိသလို မလေးရှားရောက်မှ ပိုက်စိပ်တိုက် အဖမ်းခံရတာတွေလည်း နေ့တိုင်းနီးပါး ကြားနေရတယ်” လို့ ပြောပါတယ်။
အဲဒီလို ဖမ်းမိတဲ့အလုပ်သမားတွေကို မြန်မာနိုင်ငံပြန်ပို့ရင် ဆိုးရွားတဲ့အန္တရာယ်နဲ့ ကြုံရနိုင်တာကြောင့် လူသားချင်းစာနာထောက်ထားဖို့ သက်ဆိုင်ရာနိုင်ငံတွေကို အလုပ်သမားနဲ့ လူမှုအဖွဲ့တွေက တောင်းဆိုထားပါတယ်။