Home
မြန်မာသတင်း
Rum Yang အထည်ချုပ်စက်ရုံက လုပ်သားများ၏ တောင်းဆိုမှု ခြိမ်းခြောက်မှုကြောင့် ရုပ်သိမ်းခဲ့ရ
DVB
·
June 13, 2025
Rum Yang ( Nyanmar) အထည်ချုပ်စက်ရုံလုပ်သားများ ငါးရက်မြောက်တောင်းဆိုစဉ်က၊ Photo: Solidarity of Trade Union Myanmar

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က Rum Yang (Myanmar) အထည်ချုပ်စက်ရုံ လုပ်သားတွေရဲ့ လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုမှု ၅ ရက်မြောက်နေ့မှာ စစ်ကောင်စီရဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန (အလည) က တိုင်းဦးစီးအရာရှိတယောက်ရဲ့ ခြိမ်းခြောက်ပြောဆိုမှုကြောင့် တောင်းဆိုမှု ရုပ်သိမ်းလိုက်ရတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) က ဒီကနေ့ ဇွန် ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

Rum Yang (Myanmar) အထည်ချုပ်စက်ရုံ လုပ်သားတွေဟာ ဇွန် ၆ ရက်‌က စတင်ပြီး နေ့စားကြေး ၁၃,၀၀၀ ကျပ် တိုးမြှင့်ပေးဖို့၊ အချိန်ပိုကြေး (OT) ကို ၂,၅၀၀ ကျပ် တိုးပေးဖို့နဲ့ ရက်မှန်ကြေး ၆၀,၀၀၀ ကျပ် တိုးမြှင့်ပေးဖို့ ဆိုတဲ့ အချက်သုံးချက်ကို တောင်းဆိုခဲ့ကြတာပါ။

ဒီလို စုပေါင်းတောင်းဆိုတဲ့ ဒုတိယမြောက်နေ့မှာ စက်ရုံစူပါတွေက အလုပ်သမား အယောက် ၅၀ ကို စက်ရုံထဲ ဆွဲခေါ်သွားခဲ့ပြီး လက်မှတ်ရေးထိုးခိုင်းတာတွေ ရှိသလို လက်ရှိ တောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ တရားဝင် သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးတာတွေ မရှိဘဲ စုပေါင်းတောင်းဆိုတဲ့ လုပ်သားတွေကို စက်ရုံအတွင်း ပေးမဝင်တာတွေ ရှိတယ်လို့ STUM က ဆိုပါတယ်။

ဒီလို တောင်းဆိုမှု ၅ ရက်မြောက်နေ့မှာ အလည က ခြိမ်းခြောက်ခဲ့တဲ့အတွက် စက်ရုံ အလုပ်သမားတွေက ကြောက်လန့်ပြီး စက်ရုံထဲ ပြန်ဝင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီလို ခြိမ်းခြောက်ပြီးနောက်မှာလည်း စက်ရုံက အချိန်ပိုကြေး ၁၀၀ ကျပ်သာ တိုးပေးခဲ့ပြီး ကျန်တောင်းဆိုချက်တွေ ဖြစ်တဲ့ လုပ်ခလစာ ၁၃,၀၀၀ ကျပ် တိုးပေးရေးနဲ့ ရက်မှန်ကြေး ငွေကျပ် ၆၀,၀၀၀ တိုးပေးရေး ကိစ္စတွေကိုတော့ လိုက်လျောတာ မရှိခဲ့ဘူးလို့လည်း အလုပ်သမားတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းနဲ့ လူနေမှုစရိတ် မြင့်မားလာတာကြောင့် လက်ရှိ သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခလစာဟာ လုပ်သားတွေအတွက် ဖူလုံမှုမရှိတော့ကြောင်း STUM က စစ်တမ်းကောက်ယူထားပြီး ၂၀၂၅ ခုနှစ် မေလ ၁ ရက်က ထုတ်ပြန်တဲ့ “ရှင်သန်စရိတ်လုပ်ခလစာ” အစီရင်ခံမှာ ဖော်ပြထားပါတယ်။

ဒီလို လုပ်ခလစာ ဖူလုံခြင်းမရှိတဲ့ အခြေအနေတွေကြောင့် ၂၀၁၈ ခုနှစ်က နောက်ဆုံး ပြင်ဆင်ခဲ့တဲ့ အနည်းဆုံးလုပ်ခလစာကို နေထိုင်စရိတ်နဲ့ ကိုက်ညီအောင် ပြန်လည်သုံးသပ်တိုးမြှင့်ဖို့ လိုအပ်ကြောင်းနဲ့ ILO C131 သဘောတူညီချက်အတိုင်း မျှတတဲ့ လုပ်ခလစာစနစ် ဖော်ဆောင်ကြဖို့ကိုလည်း STUM က တိုက်တွန်းခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013