Home
မြန်မာသတင်း
ပြည်ပရောက်လုပ်သားများ  ပြန်ထွက်မရမည်စိုးသဖြင့် မြန်မာပြည်ပြန်မလာရဲဖြစ်နေ
DVB
·
February 5, 2025

ပြည်ပနိုင်ငံတွေမှာ အလုပ်ထွက်လုပ်နေကြတဲ့ မြန်မာလုပ်သားတွေဟာ လုပ်သက်အလိုက် ခွင့်ရက်ရပေမဲ့ ပြန်ထွက်မရမှာကို စိုးရိမ်ပြီး မိသားစုဆီ အလည်ပြန်မယ့်အစီအစဥ် ဖျက်လိုက်တာတွေ ရှိနေတယ်လို့ ကာယကံရှင် လုပ်သားတွေဆီက သိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် လူငယ်တွေ ပြည်ပထွက်ခွင့်ကို ပိတ်ပင်တားဆီးနေတာကြောင့် ခွင့်နဲ့ပြန်မယ့် အလုပ်သမားတွေပါ ပြည်တွင်းမှာ ပိတ်မိနေမှာကို စိုးရိမ်နေရကြတာဖြစ်ပါတယ်။

စင်ကာပူရောက် မြန်မာလုပ်သားတယောက်က “အပြင်ရောက်ပြီးကာမှ အလည်ပြန်လို့ ပြန်ထွက်မရရင် သေပြီလေ။ မိသားစု အရေးပေါ်အခြေအနေကြောင့်ကလွဲရင် မပြန်ရဲကြတော့ဘူး။ အခုလို အခြေအနေမှာ အိမ်ကလည်း ပြန်မလာခိုင်းဘူး” လို့ ပြောပါတယ်။

မလေးရှားရောက် မြန်မာလုပ်သားတယောက်ကလည်း ပြန်ထွက်မရမှာကို စိုးရိမ်ရတဲ့အတွက် ခွင့်ရက်ယူပြီးမှ မပြန်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC) ထုတ်ပေးတာကို ရပ်နားလိုက်ပြီး ပြည်ပထွက် အလုပ်လုပ်မရအောင် တားဆီးနေပါတယ်။

ဒါ့အပြင် ပြည်ပကနေ ခွင့်နဲ့ပြန်လာတဲ့ အဲဒီအသက်အတွင်း အကျုံးဝင်တဲ့သူတွေကိုပါ OWIC ကတ် ထုတ်မပေးတော့တာကြောင့် အလည်ပြန်ပြီး ပြန်ထွက်မရတော့တဲ့သူတွေ ရှိနေတယ်လို့လည်း သက်ဆိုင်ရာ အလုပ်သမားတွေဆီက သိရပါတယ်။

OWIC ကတ် လုပ်တာနဲ့ပတ်သက်လို့ ဝန်ဆောင်မှုပေးနေသူတယောက်က “အရင်က အသက် အကန့်အသတ်ထဲ ခွင့်ပြန်တွေ မပါဘူး။ အခု ခွင့်ပြန်အမျိုးသားတွေပါ ပိတ်တဲ့အထဲမှာ ပါလာတာ။ ပြီးတော့ မူဝါဒကလည်း ငြိမ်မနေဘူး။ ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာမျိုးလည်းမရှိတော့ အောက်ခြေမှာ ဖြစ်ချင်သလို ဖြစ်နေတယ်။ ခွင့်နဲ့ပြန်မယ့်သူတွေ၊ အထူးသဖြင့် OWIC ကတ် မရှိသေးတဲ့သူတွေ တတ်နိုင်သလောက် မပြန်သေးဘဲ အခြေအနေ တည်ငြိမ်တဲ့အထိ စောင့်ကြည့်စေချင်တယ်” လို့ ပြောပါတယ်။

အရင်က ခွင့်ပြန်အလုပ်သမားတွေကို အလုပ်ရှင်ရဲ့ ထောက်ခံစာ၊ မိသားစုလွှဲပို့ငွေ အထောက်အထားနဲ့ ဝင်ငွေခွန်ပေးဆောင်ထားတဲ့ ဘဏ်စလစ် ပြနိုင်ရင် ကန့်သတ်အသက်ထဲ အကျုံးဝင်လည်း OWIC ကတ်ထုတ်ပေးပြီး ပြန်ထွက်ခွင့်ပေးခဲ့ပေမဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အတည်ပြုပြီးနောက်မှာ ကန့်သတ်ခံရတဲ့အထဲ ပါလာတာလို့လည်း ကိုယ်တိုင်ကြုံရသူတချို့က ဆိုပါတယ်။

ဒါ့အပြင် ပြည်ပရောက်နေသူတွေ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အခါ ပြန်လာအောင် တာဝန်ယူ ခေါ်ပေးရမယ်ဆိုပြီး မြို့နယ်တချို့မှာ မိသားစုဝင်တွေကို ဖိအားပေး အကျပ်ကိုင်တာတွေ ရှိနေတယ်လို့လည်း သူတို့က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013