Home
မြန်မာသတင်း
စစ်ကောင်စီက ပြည်ပရောက် အလုပ်သမားများအပေါ် ပိုတင်းကျပ်လာ
DVB
·
November 20, 2024

ပြည်ပရောက် မြန်မာအလုပ်သမားတွေအပေါ် စစ်ကောင်စီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဆောင်ခိုင်းတာ၊ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ဘဏ်ကနေ လွှဲခိုင်းတာတွေအပြင် အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းခံနေတာတွေကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်း လစဉ်ပေးဆောင်ထားတဲ့ ပြေစာမပါရင် ပတ်စ်ပို့စာအုပ် သက်တမ်းတိုးဖို့ ခွင့်မပြုတာ၊ ပြည်တွင်း ခွင့်ပြန်လို့ မရတာတွေကြောင့် စိတ်ဓာတ်ကျနေရတယ်လို့ စင်ကာပူနိုင်ငံမှာ MOU နဲ့ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တယောက်က ပြောပါတယ်။

“တော်တော်လေး စိတ်ဓာတ်ကျနေကြတယ်။ မပြန်လို့လည်းမရဘူး၊ ပြန်ရင်လည်း ထောင်ကျမယ်၊ ငြင်းရင်လည်း ထောင်ကျမယ်။ တကယ်လို့ ပတ်စ်ပို့သက်တမ်းပါ မတိုးပေးဘူး ဆိုတဲ့အခါကျတော့ ဘာမှမတတ်နိုင်ဘူးဆိုတဲ့ အခြေအနေမျိုးကိုပဲ ရင်ဆိုင်နေရတာပေါ့။ တော်တော်လေး တိုင်းပြည်ကလူတွေကို လုပ်စားလို့မရအောင် ဖန်တီးတဲ့ အခြေအနေလို့တော့ မြင်တယ်။ သူတို့ ပြည်သူကို အကြောက်တရားဖြစ်အောင် စားဝတ်နေရေး ပိုကျပ်တည်းအောင် အဆင်မပြေအောင် ပိုလုပ်နေတယ်လို့ ခံစားရတယ်။”

ငွေလွှဲရမယ့်ကိစ္စတွေမှာ  လစာရဲ့ လေးပုံတပုံက ပြည်တွင်းကို ပြန်လွှဲရမှာဖြစ်တဲ့အတွက် အခြေခံလခစားဝန်ထမ်းတွေက ပိုပြီး အခက်အခဲတွေ ကြုံရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ကိုရီးယားသင်္ဘောလိုင်းက မြန်မာအလုပ်သမားတယောက်ကလည်း ဗဟိုဘဏ်ပေါက်ဈေးနဲ့ ကုမ္ပဏီကိုပဲ တိုက်ရိုက်ငွေလွှဲနေတဲ့အတွက် အဆင်မပြေကြောင်း ပြောပါတယ်။

“အရင်က အိမ်ကို ငွေလွှဲရတာ အဆင်ပြေတယ်။ အခုဟာက ကုမ္ပဏီကို တိုက်ရိုက်မလွှဲမနေရ လွှဲရတယ်။ အဲဒါဆိုတော့ ဘဏ်ပေါက်ဈေးအတိုင်းပဲ လွှဲရတယ်၊ အပြင်ပေါက်ဈေးအတိုင်း မရဘူး။ ဒီကနေ ဝမ်နဲ့လွှဲတယ်ဆိုရင် ဝမ်ပေါက်ဈေးက ဘဏ်ပေါက်ဈေးအတိုင်းပဲ ရတယ်၊ အပြင်က ပေါက်ဈေးအတိုင်း မရနိုင်တော့ ခက်ခဲသွားတာပေါ့။”

မိသားစုကို ဘဏ်ကနေသာ ငွေလွှဲရမယ့်ကိစ္စတွေကို အရင်ဆုံး ညွှန်ကြားစာ ထွက်လာပြီးနောက်မှာ ကိုယ်ရေးအချက်အလက် တောင်းခံတာနဲ့ စာချုပ်သက်တမ်းပြည့်ရင် စစ်မှုထမ်းဖို့ အေဂျင်စီတွေဘက်က တာဝန်ယူပေးရမယ့် ကိစ္စတွေကိုပါ အလုပ်သမားစာချုပ်ထဲ ထပ်တိုးထည့်ချုပ်ဖို့ ညွှန်ကြားလာတာကြောင့် အလုပ်ရှင်တွေအနေနဲ့ ကြားညပ်ရတဲ့ အခြေအနေမျိုးတွေ ကြုံနေရတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတချို့ကလည်း ပြောပါတယ်။

ဒါ့အပြင် ထိုင်းကို MOU နဲ့ စေလွှတ်ထားတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို လာမယ့် ၂၀၂၅ ခုနှစ် ၂ လပိုင်း ၁၃ ရက်အထိ ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ အရေအတွက် ကျား မ ခွဲခြားပြီး နောက်ဆုံးရ အချက်အလက်တွေကို ပေးဖို့ကိုလည်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက စာထုတ်ခဲ့ပါသေးတယ်။ 

အခုလို ပိုမိုတင်းကျပ်လာတဲ့ စစ်ကောင်စီ လုပ်ဆောင်ချက်တွေကြောင့် အလုပ်သမားတွေ ပိုကျပ်တည်းလာနိုင်တယ်လို့ ထိုင်းနိုင်ငံက CDM အလုပ်သမား သံအရာရှိ ကိုဝေလင်းမောင်က သုံးသပ်ပါတယ်။

“အလုပ်သမား တယောက်ချင်းစီက ဒီ စကစကို ဘတ် ၂,၀၀၀ ကျော် ၃,၀၀၀ ကျော် အခွန် ပေးရဖို့တွေ ရှိနေတယ်။ နောက် အလုပ်သမားတွေရဲ့ အချက်အလက်တွေကို တောင်းတယ်။ သူတို့ ထုတ်ပြန်လာတဲ့အထဲ ငယ်ငယ်က ကျောင်းဘယ်နားတက်ခဲ့လဲ ဆိုတာတွေအထိ တကယ်က ကိုယ်ရေးအကျဉ်းပုံစံအထိကို history အထိကို ကောက်တဲ့ပုံစံ ဖြစ်နေတယ်။ သူတို့ရဲ့ သံရုံးကနေ ဒီလို ကိုယ်ရေးအချက်အလက်တွေ တောင်းခံလာတာမျိုးတွေ ရှိတယ်။ MOU စနစ်နဲ့ သက်တမ်းတိုးရမယ် ဆိုတဲ့စနစ်က ထိုင်းက အလုပ်သမားတွေတင် မကဘူး၊ သူတို့ရဲ့ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဖမ်းဆီးအရေးယူတာတွေ နောက်တဆင့် လုပ်ဆောင်လာနိုင်တယ်လို့ ကျနော်တို့ သုံးသပ်ထားပါတယ်။”

စစ်ကောင်စီအနေနဲ့ အသက် ၂၁ ကနေ ၃၂ နှစ်အထိ အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်တားမြစ်ထားသလို အလည်အပတ် နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပထွက်ရင် လေဆိပ်မှာ တင်းကျပ် တားမြစ်တာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013