စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပနေတဲ့ ကျောက်မျက်ရတနာပြပွဲမှာ ခင်းကျင်းပြသထားတဲ့ ကျောက်တွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ဝယ်ယူသူမရှိလို့ ကျန်နေတဲ့ ကျောက်စိမ်းအတွဲ အဟောင်းတွေသာ ဖြစ်တယ်လို့ ကျောက်စိမ်းကုန်သည်တွေက ပြောပါတယ်။
ကျောက်တွေက ရှေးကျောက်တွေ ကျောက်ဟောင်းတွေဖြစ်ပြီး စစ်ကောင်စီမှာ ငွေလိုနေတဲ့အတွက်ရတဲ့ဈေးနဲ့ ရောင်းမယ့်ပုံ ဖြစ်နေတာကြောင့် ကုန်သည်တွေအနေနဲ့လည်း ဈေးချောင်မလားလို့ လာကြည့်ပြီး ကျောက်တွေကတော့ အကြိုက်သိပ်မတွေ့ဘူးလို့ မန္တလေးက ကျောက်သမားတယောက်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအမိန့်နဲ့ ၂၀၂၁ ခုနှစ် ဧပြီလဆန်းက စတင်ပြီး ကျောက်စိမ်းအရိုင်း တူးဖော်မှုလုပ်ငန်းတွေကို ဆက်လက်တူးဖော်မှု မပြုလုပ်ဖို့ အမိန့်စာထုတ် တားမြစ်ခဲ့တဲ့အတွက် စစ်တပ် အာဏာသိမ်းယူပြီး ၄ နှစ်နီးပါး ကာလအတွင်း အသစ်ထပ်မံတူးဖော်ရရှိတဲ့ ကျောက်စိမ်းတွေ မရှိဘူးလို့လည်း ကျောက်ကုန်သည်တွေက ဆိုပါတယ်။
စစ်ကောင်စီက ကျောက်စိမ်းအရိုင်းတူးဖော်မှုကို တားမြစ်ထားပေမဲ့ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသက ကျောက်စိမ်းလုပ်ကွက်အားလုံးကို KIO က သိမ်းယူခဲ့ပြီး လတ်လတ်ဆတ်ဆတ် တူးဖော်ရရှိထားတဲ့ ကျောက်စိမ်းအသစ်တွေက တရုတ်နိုင်ငံထဲကို ကံပိုင်တည်နယ်စပ်ဂိတ်ကတဆင့် ကျောက်စိမ်းတန်ချိန်ပေါင်း သန်းနဲ့ချီ ဝင်ရောက်ပြီး ဖြစ်တယ်လို့လည်း တရုတ်နိုင်ငံမှာရှိတဲ့ မြန်မာကျောက်စိမ်းကုန်သည် တယောက်က ပြောပါတယ်။
စစ်ကောင်စီက ဘဏ္ဍာငွေကျပ်တည်းလာပြီး နိုင်ငံခြားငွေ ရှားပါးလာတဲ့အတွက် အခုပြုလုပ်နေတဲ့ ကျောက်မျက်ပြပွဲမှာ ကျောက်မျက်ရတနာတွေကို ရသလောက် ရောင်းရတဲ့ဈေးနဲ့ ရောင်းပြီး ရောင်းရတဲ့ ဘယ်ငွေကြေးအမျိုးစားမဆို ဗဟိုဘဏ်လက်ခံရင် အကုန်ယူတဲ့စနစ် ကျင့်သုံးပြီး ရောင်းချမယ့်သဘော ဖြစ်နေတယ်လို့ ကျောက်ကုန်သည်တွေက ပြောပါတယ်။
အဆိုပါ ကျောက်မျက်ရတနာပွဲကို နိုဝင်ဘာ ၁၈ ရက်ကနေ ၂၇ ရက်အထိ ၁၀ ရက်ကြာ ခင်းကျင်းပြသ ရောင်းချမယ်လို့ သိရပြီး အဲဒီပွဲမှာ ပုလဲအတွဲပေါင်း ၂၈၀ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ တွဲနဲ့ ကျောက်စိမ်းအတွဲပေါင်း ၄,၈၀၀ ရောင်းချသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။