စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဈေးနှုန်းထက် ကျပ် ၄၀၀ ဝန်းကျင် မြင့်တက်လာတာကြောင့် တပိဿာကို ကျပ် ၇,၀၀၀ ကျော်ထိ ရောက်ရှိလာပါတယ်။
ပြီးခဲ့တဲ့အပတ်က ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးဟာ တပိဿာကို ၆,၆၃၅ ကျပ် သတ်မှတ်ခဲ့တဲ့အတွက် အခုအပတ်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ၃၈၀ ကျပ်လောက် ဈေးနှုန်း မြင့်တက်သွားတာပါ။
ဒေါ်လာနဲ့ ကျပ်ငွေ လဲလှယ်နှုန်း ကျဆင်းနေပေမဲ့ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ သတ်မှတ်တာလို့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။
ပြင်ပဈေးကွက်ပေါက်ဈေးကတော့ စာအုန်းဆီ တပိဿာကို ကျပ် ၁၄,၀၀၀ ထိ မြင့်တက် ရောက်ရှိနေပြီး ပြည်ပကနေ မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးက နေ့စဉ်နဲ့အမျှ ဈေးနှုန်းပြောင်းလဲ မြင့်တက်နေတာကြောင့် စားသုံးသူ အိမ်ရှင်မတွေ နေ့စဉ်နဲ့အမျှ အခက်တွေ့နေရပါတယ်။
တောင်ဥက္ကလာမြို့နယ်က အိမ်ရှင်မတယောက်က “စားဆီက အပြင်ဈေး ၁၄,၀၀၀ ထိ ဈေးပေါက်တယ်။ ထိုင်းဘက်ကဝင်တဲ့ ဆီတွေကလည်း ဈေးကပြန်မကျတဲ့အပြင် ထပ်တက်နေတယ်။ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ အရင်က စားအုန်းဆီမစားဘူး။ အခုတော့ စားနေရပြီ။ စားနေကြ ဆီဈေးတွေက ဈေးတွေမိုးထိုးနေတော့ စားရတာပဲ” လို့ ပြောပါတယ်။
ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင် ရောင်းချတာနဲ့ မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပေမဲ့ ပြင်ပဈေးကွက်မှာတော့ စားအုန်းဆီ လက်လီဈေးက ရည်ညွှန်းဈေးရဲ့ နှစ်ဆဝန်းကျင် ရှိနေပါတယ်။