စစ်ကောင်စီဩဇာခံဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းသူတွေကို အမေရိကန်ဒေါ်လာ ၃၅ သန်း ထပ်ပြီး ရောင်းချပေးမယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့က ကြေညာပါတယ်။
FX Market Online Trading Platform က တဆင့် ရောင်းချပေးမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး ဘယ်နေ့မှာ ဘယ်လောက် ရောင်းချပေးမယ်ဆိုတာကိုတော့ တိတိကျကျ အသိပေးထားတာ မရှိပါဘူး။
ပြင်ပငွေကြေးဈေးကွက်မှာတော့ ဒေါ်လာဈေး တောက်လျှောက်ပြန်ကျနေပြီး ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်မှာ အမေရိကန်ဒေါ်လာ ဝယ်ဈေး ၄၄၀၀ ကျပ်၊ ရောင်းဈေး ၄၅၀၀ ကျပ် ဝန်းကျင်ရှိနေပါတယ်။
နိုင်ငံခြားငွေဈေးတွေကို အကျဘက်မှာ ဆက်ထိန်းထားနိုင်ဖို့ ဗဟိုဘဏ်က ရည်ရွယ်ပြီး ဈေးကွက်ထဲကို ဒေါ်လာအပါအဝင် ယွမ်နဲ့ ဘတ်ငွေတွေကိုပါ သန်းချီပြီး ဆက်တိုက်ထုတ်ရောင်းချပေးနေတာပါ။
ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ထားချက်အရ အခုနှစ် ဧပြီလကနေ အောက်တိုဘာလအထိ ၇ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ(သန်း ၁ ထောင်)ကျော် ရောင်းချပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
တဖက်မှာလည်း စစ်ကောင်စီရဲ့ လေလံဈေးက တစ်ရိပ်ရိပ်တက်နေပြီး တလအတွင်း ၁ ဒေါ်လာကို ၃၀ ကျပ်ဝန်းကျင် မြင့်တက်လာပါတယ်။
လက်ရှိမှာ စစ်ကောင်စီသတ်မှတ်ထားတဲ့ ၁ ဒေါ်လာ ၂,၁၀၀ ကျပ်နှုန်းအပြင် အွန်လိုင်းပလက်ဖောင်းမှာ ၁ ဒေါ်လာ ၃,၅၈၃ ကျပ်၊ ပြင်ပဈေးကွက်မှာတော့ ၁ ဒေါ်လာ ၄၅၀၀ ကျပ်ဝန်းကျင် ရှိနေတာပါ။