Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၂ သိန်း ထပ်ပို့နိုင်ရန် စစ်ကောင်စီ ဆွေးနွေးနေ
DVB
·
November 17, 2024

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို G to G အစီအစဉ်နဲ့   ဆန်တန်ချိန် ၂ သိန်း ထပ်မံတင်ပို့နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ စစ်ကောင်စီဩဇာခံ စီးပွားကူးသန်း ဝန်ကြီးဌာနဆီက သိရပါတယ်။

အခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်းမှာ အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး တင်ပို့နိုင်ဖို့အတွက် ဈေးနှုန်းဆိုင်ရာကိစ္စရပ်‌တွေကိုလည်း  ပြီးခဲ့တဲ့ရက်ပိုင်းမှာ နှစ်ဘက် အသေးစိတ်ညှိနှိုင်းထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား G to G စနစ်နဲ့ ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ  လက်မှတ်ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ နားလည်မှုစာချွန်လွှာအရ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် ၂ သိန်းခွဲနဲ့ ပေါင်းဆန်တန်ချိန် ၅၀,၀၀၀ ကို တင်ပို့ရောင်းချနိုင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ပြည်ပကို နှစ်စဉ် ဆန်တန်ချိန် ၂ သန်းအထက် တင်ပို့လေ့ရှိပြီး အခုဘဏ္ဍာနှစ် ၇ လ အတွင်းမှာ  ၁ ဒသမ ၃၆သန်းကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာတော့ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒသမ၇ သန်း နီးပါးပဲ ပြည်ပကို တင်ပို့နိုင်ခဲ့ပြီး  ဧည့်မထအုပ်စုဆန်တွေ ဖြစ်တဲ့ ကရင်မ၊ ထွန်းပု၊ ငစိန် စတဲ့ ဆန်တွေ၊ ပေါင်းဆန်‌တွေကိုပဲ အဓိကတင်ပို့နေတာပါ။

မြန်မာနိုင်ငံက ဆန်တွေကို ဥရောပနိုင်ငံတွေဆီ အများဆုံးတင်ပို့ပြီး တရုတ်၊ ဖိလစ်ပိုင်နဲ့ ဒေသတွင်းနိုင်ငံတွေဆီလည်း တင်ပို့နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013