Home
မြန်မာသတင်း
တိုင်းစစ်ဌာနချုပ်အလံများကို သင်္ချိုင်းတွင် အုတ်ဂူချ လှုပ်ရှားမှု ပြုလုပ်
DVB
·
November 15, 2024
Photo: ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့

စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် အလံတွေကို သင်္ချိုင်းမှာ အုတ်ဂူချတဲ့ သရုပ်ဖော်လှုပ်ရှားမှုကို နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်အခြေစိုက် သပိတ်အဖွဲ့တွေက အတူပူးပေါင်း လုပ်ဆောင်ခဲ့ပါတယ်။

ဒီသရုပ်ဖော်မှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ဖြစ်တဲ့ Kyimyindaing Networks-KMD 18၊ Mayangone Democratic Front-MDF၊ LynnYoungNiOrganization-LYNO၊ OwlCommunity တို့နဲ့အတူ စမ်းချောင်း ပင်မသပိတ်စစ်ကြောင်းတို့က သရုပ်ဖော်ခဲ့ကြတာပါ။

ဒီအဖွဲ့‌တွေဟာ မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ပြည်နယ်တွေမှာ နှစ်ပေါင်းများစွာ ဖိနှိပ် ကုတ်သွေးစုပ်နေတဲ့ ဖက်ဆစ်စစ်တပ်ကို ပြည်သူကသာ ပြည်သူ့အားနဲ့ ရှင်းလင်း အမြစ်ဖြတ်နိုင်မှာဖြစ်လို့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ နှိုးဆော်ထားကြပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူက “စစ်ကောင်စီတပ်တွေရဲ့ တိုင်းနဲ့ ပြည်နယ်မှာ ရှိနေတဲ့ အားလုံးသော စစ်တပ်ဌာနချုပ် အားလုံး သင်္ချိုင်းကို ရောက်ရမယ်၊ ကျဆုံးရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ သူတို့ရဲ့ တိုင်းစစ်ဌာနချုပ်အလံတွေကို တန်ဖိုးထားတယ်၊ အဲဒါကို အုတ်ဂူတွေမှာ တိုင်းစစ်ဌာနချုပ်ကြီးတွေ ကျဆုံးပါပြီဆိုတဲ့ ရည်ရွယ်ချက်နဲ့ အုတ်ဂူချလှုပ်ရှားမှု ပြုလုပ်တာပါ” လို့ ပြောပါတယ်။

တန်ဆောင်တိုင်ကာလမှာ တော်လှန်ရေးကို မှေးမှိန်စေအောင်လို့ စစ်ကောင်စီဘက်က ပွဲလမ်းသဘင်တွေ အမျိုးမျိုးကို စည်ကားအောင် ကျင်းပပေးနေတာကို ပြည်သူက ရှောင်ရှားဖို့ အဓိက တိုက်တွန်းထားပြီး တော်လှန်ရေးရဲ့ အဆုံးနိဂုံးဖြစ်တဲ့ ရောင်နီကို မျက်နှာမူကာ အတူတကွ ပူးပေါင်းတော်လှန်ကြဖို့လည်း အသိပေးထားပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ စစ်ချောင်း ပင်မသပိတ်စစ်ကြောင်းတို့က ရဲဘော်တွေက နိုဝင်ဘာ ၁၅ ရက်မှာ ကျရောက်မယ့် တန်ဆောင်တိုင် မဟာဘုံကထိန်ပွဲတော်ကြီးအတွင်း ပြည်သူအားလုံး ကျန်းမာလုံခြုံဘေးကင်းစေဖို့ကိုလည်း ဆုမွန်‌‌ကောင်း တောင်းပေးထားကြတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013