Home
မြန်မာသတင်း
နမ့်လန်တွင် စစ်ကောင်စီက လမ်းထပ်ပိတ်
DVB
·
November 15, 2024

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်း ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာရှိတဲ့ နမ့်လန်မှာ စစ်ကောင်စီက နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းကစပြီး လမ်းထပ်ပိတ်ထားကြောင်း ဒေသခံနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

နမ့်လန်ဒေသခံ အမျိုးသမီးတယောက်က “နမ့်လန်က ကားလေးတွေရော ကားကြီးတွေရော ပိတ်လိုက်တာ ဟုတ်တယ်ခ။ မနေ့ (နိုဝင်ဘာ ၁၄ ရက်) မနက် ၁၀ နာရီခန့်က စပိတ်တာ” လို့ ပြောပါတယ်။

လက်နက်ပစ်ခတ်တာမျိုး မရှိပေမဲ့ ရဲတွေလည်း လမ်းဆုံ၊ လမ်းကြားတွေမှာ စောင့်နေတာ တွေ့ရတယ်လို့ သူကပြောပါတယ်။

“ရပ်စောက်တော့ ဟိုတနေ့ကတည်းက ပိတ်ထားတယ်ခ။ နမ့်လန်တော့ ဘာကြောင့် ပိတ်လဲတော့ သေချာမသိဘူးခ။ ဒီအတိုင်း ရုတ်တရက် ပိတ်လိုက်တာ” လို့ သူက ပြောပါတယ်။

တချို့ကလည်း လူကြီးလာမယ်လို့တော့ ပြောနေတယ်လို့ သူက ဆိုပါတယ်။

ကုန်တင်ယာဉ်မောင်းတယောက်က “လမ်းပိတ်ထားတယ်တော့ ကြားတယ်။ ဗထူးမှာ ပိတ်တာ။ မြောက်ပိုင်းက ဟိုယမှာ ပိတ်တာ။ ဟိုယကနေ တန့်ယန်း၊ လားရှိုး လမ်းခွဲ ရှိတယ်လေ” လို့ ပြောပါတယ်။

ရပ်စောက်ကနေလည်း ပိတ်ထားတယ်လို့ သိရပြီး တန်‌ဆောင်တိုင်ပွဲတွေရှိလို့၊ အကြောင်းရှိလို့ အဆင်းရော အတက်ရော တနေရာ နည်းနည်းစီ ထိန်းထားတာလို့ ယူဆရကြောင်း သူက ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ ဗထူး၊ ရပ်စောက်ကနေ ရှမ်းမြောက်ဘက်သွားမယ့် မှတ်ပုံတင် ၁၃/ ကိုင်ဆောင်သူတွေနဲ့ ကုန်မပါတဲ့ကားတွေကို ပေးဖြတ်ပြီး အောင်ပန်းကနေ ရွာငံ အဝင်နားမှာတော့ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲကနေစ ပစ်ခတ်သံတွေ ကြားရလို့ ခရီးသွားကားတွေ ရပ်စောင့်ခဲ့ရတာရှိပြီး ညနေ ၅ နာရီခန့်မှ လမ်းပြန်ပွင့်သွားခဲ့တယ်လို့ ခရီးသွား ယာဉ်မောင်း‌ေတွဆီက သိရပါတယ်။

တန့်ယန်းဒေသခံ အမျိုးသမီးတယောက်က “လားရှိုးနဲ့ တန့်ယန်းလည်း သွားလို့မရတော့ဘူး။ လမ်းပိတ်ထားတယ်” လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်း လားရှိုးမြို့ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်း ဆက်သွယ်သွားလာလို့ ရတဲ့ လမ်းကြောင်းတွေမှာ စစ်ကောင်စီဘက်က စစ်ဆေးရေး တင်းကျပ်ထားတဲ့အပြင် လမ်းတွေပါ ပိတ်ဆို့တာတွေ များလာနေကြောင်း ခရီးသွားတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013